ယောဒေသက ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)၏ ပထမဆုံး ပူးပေါင်းစစ်ဆင်ရေးကိုယမန်နေ့က ထီးလင်းမြို့နယ် ရေမျက်နီရွာနီးတွင် စတင်ခဲ့ရာတိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်ဟု YRPAက သတင်းထုတ်ပြန်သည်။
စစ်အာဏာရှင်ကို စည်းလုံးညီညွတ်စွာ တိုက်ခိုက်တွန်းလှန်နိုင်ရန် ရည်ရွယ်ပြီး လောင်းရှည် PDF၊ ကျောက်ထု PDF ၊ ထီးလင်း PDF၊ ယောဒေသ PDFနှင့် ဂန့်ဂေါ PDF တို့ ပူးပေါင်းကာ YRPAကို ဧပြီလအတွင်းက ဖွဲ့စည်းခဲ့ရာ ပထမဆုံးပူးပေါင်း စစ်ဆင်ရေးမှာ မေလ ၂၀ရက်က ထီးလင်း မြို့နယ် ရေမျက်နီရွာအနီး တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်များနှင့် ၁နာရီခွဲကြာ လက်နက်ကြီး လက်နက်ငယ် များ အပြန်အလှန်ပစ်ခတ်ခဲ့ရာ PDF ပူးပေါင်းတပ်၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခြင်းအပါအဝင် ရန်သူ့စစ်ကောင်စီတပ်သား ၅ဦး သေဆုံးခဲ့သည်ဟု YRPAက ထုတ်ပြန်သည်။ ထို့ပြင် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြထားသည်။ တိုက်ပွဲတွင် သေဆုံးဒဏ်ရာရ အခြေအနေနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
တိုက်ပွဲအတွင်း အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်များကို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဆုံးရှုံးပိုများနိုင်သည်ဟုဆိုသည်။
နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။
