●တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀ ခန့်ထိုင်းဘက်တိမ်းရှောင်
အဆိုပါ စစ်ကောင်စီတပ်စခန်းကို မေလ ၁၇ရက်ညပိုင်းက KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ယနေ့ မေလ ၁၈ရက် နံနက် ၁၁နာရီကျော်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါစခန်းသည် စစ်ကောင်စီတပ်၏ အဓိက စခန်းကြီးတစ်ခုဖြစ်သည်။
“ကရင်တပ်မှူးတစ်ဦးက အတည်ပြုပြောဆိုတယ်။ ဒီမနက် ၁၁နာရီ ကျော်မှာ သေ့ဘောဘိုးစခန်းကို သူတို့ သိမ်းပိုက်ရရှိခဲ့တယ်။ နောက် ဒီစခန်းမှာလည်း လက်နက်ခဲယမ်းအမြောက်အများတွေကိုလည်း သိမ်းပိုက်ရရှိတယ်ဆိုပြီး အတည်ပြုပြောတယ်” ဟု ကရင်တိုင်းရင်းသား သတင်းရင်းမြစ်က KNU တပ်မှူး၏ ပြောကြားချက်ကို ဘာသာပြန်ရှင်းပြပေးသည်။

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး အရေအတွက်ကိုစိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နှစ်ဖက်ထိခိုက်ကျဆုံးမှုကရှိတယ်တဲ့။ လောလောဆယ်တော့ သူတို့လည်း စာရင်းဇယားတွေ လုပ်လို့မပြီးသေးတော့ သတင်းမထုတ်ပြန်နိုင်သေးဘူးလေ။ ကျွန်တော်သိသလောက်ဆိုရင် ကရင်ဘက်မှာ ၁ယောက်ကျတယ် ၃၊ ၄ယောက်လောက် ဒဏ်ရာရတယ်။ စစ်တပ်ဘက်ကလည်း ကျတာတွေရှိတယ်လို့ပြောတယ်” ဟု နယ်စပ်ရှိ ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

သေ့ဘောဘိုးတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ယနေ့ နေ့လည်ပိုင်းက ပြောကြားထားသည်။
တိုက်ပွဲ၏ ဂယက်ကြောင့် မြန်မာဘက်မှ စစ်ရှောင် ၃၀၀ ခန့် ထိုင်းနိုင်ငံ မဲဆောက်နှင့် ဆက်စပ် နေသည့် ဖို့ဖိတ်မြို့နယ် ၌ တိမ်းရှောင်ခဲ့ကြရသည်ဟုဆိုသည်။


“ထိုင်းဘက်ခြမ်းကို မြန်မာစစ်ဘေးရှောင် ၃၀၀ နီးပါး ရောက်ရှိလာတယ်။ သူတို့ကို ထိုင်းစစ် တပ်က လက်ခံထားတယ်” ဟု မြန်မာ – ထိုင်းနယ်စပ်ရှိ ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။
ယခင်ကလည်း မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ထောင်ချီပြီး ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
