စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၀ကျော် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကန့်ဘလူမြို့နယ်မြောက်ခြမ်း ချပ်သင်းဒေသနှင့် ချပ်ကြီးဒေသရှိ ကျေးရွာများအား အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ယမန်နေ့(မေလ ၁၇ရက်) နံနက်ပိုင်းက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ချပ်သင်းရွာအရှေ့ဘက် ဦးကင်းကြည်ကျေးရွာရှိ နေအိမ် နှစ်လုံးအား မီိးရှို့သွားခဲ့သည်။
ထို့နောက် ဦးကင်းကြည်ရွာအရှေ့ဘက်ရှိ တင်မော်ကျေးရွာသို့ ဝင်ရောက်စဥ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားရာ (ပ.က.ဖ)ဘက်မှ ရဲဘော် သုံးဦးဒဏ်ရာ(အသက်အန္တရာယ် မစိုးရိမ်ရ)ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

(ပ.က.ဖ)အဖွဲ့များဆုတ်ခွာသွားစဥ် စစ်အုပ်စုက တင်မော်ရွာကို မီးတင်ရှို့ရာ နေအိမ် ၂၅လုံးခန့်ပြာကျသွားကြောင်း ဒေသခံတို့က ပြောသည်။ အကြမ်းဖက်အုပ်စုသည် ပုဏ္ဏားကြီးကျေးရွာရှိ နေအိမ် တစ်လုံး၊ ချပ်ကြီးဒေသ၊ ပိတောက်ပင်ရွာရှိ နေအိမ် ရှစ်လုံးတို့ကို ထပ်မံမီးရှို့သွားခဲ့သည်။
မေလ ၁၄ ရက်ကလည်း ချပ်သင်းရွာမှ အကြမ်းဖက်စစ်အုပ်စုသည် ဆားကျင်းကျေးရွာရှိ နေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။
အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများဝင်ရောက်ဖျက်ဆီးမီးရှို့နေမှုကြောင့် ချပ်သင်းနှင့် ချပ်ကြီးဒေသရှိ ကျေးရွာများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
