အာဆီယံအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )ကို အလွတ်သဘော အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီဖြစ်ကြောင်း အမေရိကန် − အာဆီယံထိပ်သီးအစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ်ကအဆိုပြုခဲ့တယ်လို့သိရပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ကို အလွတ်သဘောအသိအမှတ်ပြုဖို့အတွက် မလေးရှားအနေနဲ့ အာဆီယံအဖွဲ့ ကို နှစ်ကြိမ် အဆိုပြုခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း မလေးရှားဝန်ကြီးချုပ်က ထပ်မံအဆိုပြုခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အခြေစိုက် RFA သတင်းဌာနကိုပြောထားပါတယ်။
မလေးရှားအစိုးရအနေနဲ့တော့ အာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်း၊ NUG ၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသွားဖို့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက် ချထားတယ်လို့လည်း RFA ရဲ့သတင်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါအပြင် အမေရိကန်ပြည်ထောင်စုမှာရှိနေခိုက်မနေ့က မေလ ၁၄ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာတွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရရှိရေးအတွက် မလေးရှားက ကူညီဖို့အသင့်ရှိနေကြောင်းတွေ့ဆုံမှုအပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့အစိုးရကို အသိအမှတ်မပြုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားတဲ့နိုင်ငံ တစ်နိုင်ငံမျှ မရှိသေးကြောင်း နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး တုံ့ပြန်ထားပါတယ်။
