စစ်ကိုင်းတိုင် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များတပ်စွဲရာ ကျေးရွာနှစ်ရွာသို့ မဟာမိတ်(၇)ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။
ယမန်နေ့(မေလ ၁၄ရက်)က ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူခေါင်းဆောင်မောင်ဆန်းဦးဆောင်သော ပျူအဖွဲ့အားသွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBOအဖွဲ့က ပြောသည်။
တိုက်ခိုက်မှုကြောင့် ပျူစောထီး နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟု C&T SHWEBOအဖွဲ့က ဆိုသည်။
မေလ ၁၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာတွင် အထိုင်ချတပ်စွဲနေသော အကြမ်းဖက်စစ်တပ်နှင့်ပျူများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားနှင့် ပျူသုံးဦး အပြင်းအထန်ဒဏ်ရာရ၍ အော်ဟစ်ဆဲဆိုပြီး လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း C&T SHWEBO အဖွဲ့က ပြောသည်။
မေလ ၂ ရက်က ဆိပ်ခွန်ရွာတွင် ကျဆုံးသွားသော ရဲဘော်မောင်ရှိုင်းအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBO အဖွဲ့က အသိပေးသည်။
မဟာမိတ်အဖွဲ့များ အထိခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။
အဆိုပါ ဖြစ်စဥ်များအား မဟာမိတ်အဖွဲ့များဖြစ်ကြသော C&T SHWEBO၊ SNAKE EYES – PDF ၊ PEOPLE DEFENCE FORCE Shwebo၊ ဗိုလ်ကျားရိုင်း(ပကဖ) ရွှေဘို၊ ဖားရွှေကျော်အဖွဲ့၊ Alpha 7၊ ဒေါင်းမာန်အဖွဲ့တို့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ C&T SHWEBO အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
C&T SHWEBOအဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့များသည် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား ဒရုန်းဖြင့်အဓိကထား တိုက်ခိုက်နေသည်။
