ဒီတိုင်းပြည်မှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စု အဆက်ဆက်က ပြည်တွင်းမှာကော နိုင်ငံတကာကိုပါ နှစ်ပေါင်းများစွာ ဖြန့်ခဲ့တဲ့ ဝါဒမှိုင်းကြီးတခု၊ ထိုးဇာတ်ကြီးတခု ရှိတယ်။
အဲ့ဒီထိုးဇာတ် တနည်း ဂျင်းကတော့ ဒီလိုပါ။
“ဒီတိုင်းပြည်သည် (သူတို့အဆို) တပ်မတော်ကြောင့်သာ တည်ငြိမ်၊ တည်တံ့၊ ခိုင်မြဲနေတာ ဖြစ်တယ်။ တပ်မတော်သာ မရှိရင် တိုင်းရင်းသားလူမျိုးတွေ အချင်းချင်း၊ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း ထ ချကြပြီးတော့ တိုင်းပြည်က ကသောင်းကနင်း ဗရုတ်ဗရက် ဖြစ်မှာ သေချာတယ်၊ တိုင်းပြည်က ပြိုကွဲချိနဲ့နိုင်ငံ ဖြစ်မှာ သေချာတယ်။ အဲ့အချိန်ကျမှ ဒီတိုင်းပြည်က မျှော်လင့်ချက်မဲ့ အနာဂတ်မဲ့ပြီး လုံခြုံရေးနဲ့ တည်ငြိမ်ရေးအရ တကမ္ဘာလုံးကို ဒုက္ခ အကြီးအကျယ်ပေးမယ့် တကယ့်ပြဿနာ အရှုပ်ထုတ်နိုင်ငံတခု ဖြစ်လာမယ်။”
“မြန်မာပြည်ရဲ့ နိုင်ငံရေး တော်လှန်ရေးအင်အားစုဆိုတာတွေကလည်း ဘယ်နံရောအခါကမှ အမှန်တကယ် စုစည်းညီညွတ်ခဲ့ကြတာ မဟုတ်ဘူး။ “ရောင်စုံသူပုန်” ဆိုတဲ့ ခေတ်တောင် ရှိခဲ့သေးတယ်။ အချင်းချင်း အဲ့လို မညီညွတ်ကြတဲ့အပြင် ထ ချနေကြတဲ့အတွက် ဒီနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေဘက်က တပ်မတော်ကို အမြစ်ဖျက် အနိုင်ယူဖို့ဆိုတာကလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အခု နွေဦးတော်လှန်ရေးကလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်မှာပါ။”

Public Service Announcement
“ဒါ့ကြောင့် သူတို့တပ်မတော်သည်သာ တိုင်းပြည်ရဲ့ မျှော်လင့်ချက်၊ တပ်မတော်သည် မြန်မာနိုင်ငံအတွက် မရှိမဖြစ်၊ တပ်မတော် ပြိုကွဲလို့မဖြစ်၊ တပ်မတော် ကျဆုံးလို့ မဖြစ်၊ စသဖြင့် ဘလာ ဘလာ ဘလာ ပေါ့ဗျာ။”
စစ်အုပ်စုရဲ့ ဒီဂျင်းနဲ့ ဒီထိုးဇာတ်ကို ပြည်တွင်းမှာလည်း တကယ်ယုံကြည်တဲ့ အင်အားစုအချို့ အခိုင်အမာ ရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း ဒီထိုးဇာတ်ကို လက်ခံယုံကြည်ကြတာတွေ အတော်ရှိတယ်။ အထူးသဖြင့် တရုတ်၊ ရုရှား၊ အာဆီယံနိုင်ငံအချို့အပါအဝင် ဥရောပနိုင်ငံတွေတောင် ပါတယ်။ ပြောရရင် ဒီအတိုင်း ယုံကြည်တဲ့ ပညာရှင်လို့ဆိုသူအချို့ ရှိသလို အမေရိကန်နိုင်ငံမှာတောင် ဒါကို လက်ခံယုံကြည်တဲ့ နိုင်ငံရေးအင်အားစုတွေ အများကြီး ရှိတယ်။
ကျနော်တို့ အခု ပြည်သူ့နွေဦးတော်လှန်ရေးကြီးက စစ်အုပ်စုရဲ့ ဒီထိုးဇာတ်ကို အတိုင်းအတာတခုထိ ချေဖျက်နိုင်ခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေ ညီညွတ်တယ်၊ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးတွေကလည်း စုစည်းကြတယ်ဆိုတာကို အပြောမဟုတ် အလုပ်နဲ့ သက်သေပြနိုင်ခဲ့တယ်။ ဒီအတွက် (၅) နှစ်တာ ဒီတော်လှန်ခရီးကြမ်းမှာ စစ်ရေးနိုင်ငံရေး ရလဒ်ကောင်းတွေလည်း ထွက်သလောက် ထွက်ခဲ့တယ်။ သို့သော် ပန်းတိုင်ကတော့ မရောက်သေးပါဘူး။ သွားရမယ့် ခရီးကာ ဝေးသေး၏။
အခုလို နောက်ခံ အခြေအနေမျိုးမှာဗျာ၊ အခုနောက်ပိုင်း ပိုပို ကြားလာရတဲ့ “သတင်းဆိုး” အချို့ကြောင့် ကျနော်တို့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ အထွဋ်အထိပ် ရောက်လာရပြန်ပါတယ်။
ဒါကတော့ တိုင်းပြည်ရဲ့ အရှေ့မြောက်ဒေသဘက်မှာ ကချင် KIO/KIA၊ တအာင်း PSLF/TNLA၊ ကိုးကန့် MNDAA၊ ရှမ်း SSPP/SSA အစရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား အချင်းချင်း မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ သတင်းပါပဲ။ ဒီသတင်းတွေကို တတိုင်းပြည်လုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြပါတယ်။ တကယ်လည်း စိုးရိမ်နေကြပါတယ်။
ဒီတော်လှန်ရေးအဖွဲ့ကြီးတွေရဲ့ ခေါင်းဆောင်တွေဆိုတာက စစ်ရေး နိုင်ငံရေး နှစ်ပေါင်းများစွာ အတွေ့အကြုံရှိကြတဲ့ ဝါရင့် သဘာရင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါတယ်။ ကျနော်တို့အတွက်ဆိုလည်း တော်လှန်ရေး နိုင်ငံရေးအရ လေးစားအပ်တဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများ၊ စီနီယာကြီးများ ဖြစ်ကြပါတယ်။ ဒီခေါင်းဆောင်ကြီးများအနေနဲ့ လက်တလော ဒီဖြစ်စဉ်တွေကို “အသိ သတိ ဉာဏ်ပညာ” ကြီးကြီးနဲ့ အကောင်းဆုံး စီမံခန့်ခွဲ ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ဆုတောင်းနေကြပါတယ်။
လွန်ခဲ့တဲ့ ကာလတခုကဆို ချင်းပြည်နယ်မှာလည်း CC နဲ့ ICNCC (CB) ဆိုပြီး အုပ်စု (၂) စုကွဲနေတာမျိုး ဖြစ်နေခဲ့တယ်။ အချင်းချင်းကြား ကျည်ပေါက်ကြ၊ သွေးထွက်သံယိုဖြစ်ကြတဲ့ထိ ပွတ်တိုက်မှုတွေ ဖြစ်သလောက် ဖြစ်ခဲ့ကြတယ်။ သို့သော် အခုတော့ ဒါကို တလုံးတစည်းတည်း ပြန်လည် စုစည်းကာ ညီညွတ်ရေး တည်ဆောက်နိုင်ခဲ့ကြပြီလို့ သိရတဲ့အတွက်လည်း တနိုင်ငံလုံးက အထူးဝမ်းသာ ပီတိ ဖြစ်နေကြရပါတယ်။
ထိုအတူ၊ တောင်ပိုင်းမှာ KTLA နဲ့ KNLA ဆိုပြီး ကရင်အချင်းချင်းကြား နှောင်ချိမ်ပလေးနေကြတဲ့ သတင်းကလည်း မကြာမကြာ ကြားနေရတော့ အတော်လေး စိတ်ပူကြရပြန်တယ်။
အလားတူပဲ ကျနော်တို့ အညာမြေပြန့်တခွင်မှာလည်း မောင်မင်းကြီးသား PDF များ၊ ပ သုံးလုံးများ၊ Local လိုကယ်များကြား အချင်းချင်း ချကြတယ်၊ နှပ်ကြတယ်၊ ကွဲကြတယ်၊ ပြဲကြတယ်ဟေ့ဆိုရင် ပြည်သူက အလွန်ပဲ စိတ်ပျက်ကြရပါတယ်။ အားငယ်ကြရပါတယ်။
ကျနော်တို့ တိုင်းပြည်က တိုင်းရင်းသားလူမျိုးအချို့ကြားမှာ အချင်းချင်း ညှိနှိုင်းဖြေရှင်းရမယ့် အကြောင်းချင်းရာအချို့ ရှိတယ်ဆိုတာ အားလုံးက နားလည်ကြပါတယ်။ ဥပမာ၊ နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွါးမှု၊ သမိုင်း စာပေ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများ။ သို့ပေသိဗျာ၊ ဒီကိစ္စရပ်တွေက မိတ်ဆွေမိတ်ဘက်အချင်းချင်းကြားက မိတ်ဘက်ပဋိပက္ခတွေပါ။ အင်အားသုံး ဖြေရှင်းကြဖို့ မဟုတ်ဘူးလို့ပဲ မြင်မိပါတယ်။
ဒါ့အပြင် ဒီကိစ္စမျိုးတွေကလည်း အမျိုးသားရေးဆိုင်ရာကိစ္စတွေဖြစ်လေတော့ သမိုင်းကြောင်းအရ ရှည်လျားထွေပြားပြီး သိမ်မွေ့လှပါတယ်။ အချိန်ယူ ညှိနှိုင်းဖြေရှင်းကြရလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို အချိန်မှာ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများအလိုက် ဗဟို-ဗဟိုချင်း တိုက်ရိုက်ဆက်သွယ်ကြ၊ စကားပြောကြ၊ ညှိနှိုင်းကြကာ ဒီအချင်းချင်းကြားက ပွတ်တိုက်မှုတွေကို အချိန်မီ ထိန်းချုပ် ကိုင်တွယ် စီမံကြဖို့ သိပ်လိုအပ်နေပါပြီ။ အချိန်မီချုပ်မှ အစုတ်သက်သာပါလိမ့်မယ်။
နောက်ပြီး၊ ဒီလို သိမ်မွေ့လှတဲ့ကိစ္စရပ်တွေကို အခုလို အကဲဆတ်လှတဲ့ တော်လှန်ရေးကာလ (ဝါ) ကြားကာလမှာ အင်အားအသုံးပြုကြပြီး အပြီးတိုင် တထိုင်တည်း ဖြေရှင်းဖို့ မကြိုးစားသင့်သေးဘူးလို့ ရှုမြင်ပါတယ်။ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ်ဆိုးကြီး မရှိတော့တဲ့အချိန်မှာ မိတ်ဆွေညီနောင််တွေ ဖြစ်ကြတာနဲ့အညီ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာသင့်တယ်။ နောက်ဆုံး လိုအပ်လာရင် သက်ဆိုင်ရာ နယ်မြေဒေသအလိုက် မှီတင်းနေထိုင်ကြတဲ့ ပြည်သူ့သဘောထားကို ရယူပြီး ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာက ကျနော်တို့ တော်လှန်ရေးအင်အားစုများအနေနဲ့ ရန်သူ စစ်အုပ်စု နှစ်ပေါင်းများစွာ ဖြန့်ခဲ့တဲ့ ဝါဒမှိုင်း ထိုးဇာတ်က တကယ်မှန်ကန်ကြောင်း ကိုယ်တွေကိုယ်တိုင်က သက်သေမပြမိကြဖို့ အထူးအရေးကြီးပါတယ်။ အဲ့ဒီလို ဆက်လုပ်နေကြမယ်ဆိုရင်တော့ ဒီကမ္ဘာမှာ ကိုယ့်ထက်မိုက်မဲသူ ရှိမှာတောင် မဟုတ်တော့ဘူးလို့ ဆိုချင်ပါကြောင်း။
အိုဘယ့် တော်လှန် ရဲဘော်ရဲဘက်အပေါင်းတို့-
ဘုံရန်သူကိုသာ တိုက်ခိုက်ကြလော့။
ဘုံပန်းတိုင်ကိုသာ ရှေးရှုကြလော့။
အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
(တေဇာစန်း၊ အရေးတော်ပုံ တပ်သားတဦး)
(၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံးဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မတ်လ ၈ ရက်နေ့မှာ ရေးသားခဲ့တဲ့ “လေးစားအပ်သော မိတ်ဆွေမိတ်ဘက်များ၊ ရဲဘော်ရဲဘက်များအားလုံးကို အနူးအညွှတ် မေတ္တာရပ်ခံ၊ ပန်ကြားအပ်ပါသည်” တိုက်တွန်းချက်ကို သူ့ရဲ့ခွင့်ပြုချက်နဲ့ လူထုနွေဦးက ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါတယ်)
