ပြည်ပဖိအားပေးမှုတွေကြောင့်တော့ ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံပိုင်ခွင့်ကို ထိုင်ဝမ်က လက်လျှော့မှာ မဟုတ်ကြောင်း သမ္မတ လိုင်ချင်တေးက ပြောကြားခဲ့ပါတယ်။
အာဖရိကတိုက် တောင်ပိုင်းမှာရှိတဲ့ အက်စ်ဝါတီနီ နိုင်ငံ အလည်အပတ် ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိလာတဲ့ မေလ ၅ ရက်နေ့မှာ လိုင်က အခုလို သဘောထား မှတ်ချက်မျိုး ပေးခဲ့တာပါ။ လိုင်ရဲ့ အဲဒီ ပြည်ပ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အပြင်းအထန် ဖိအားပေး ရှုတ်ချခဲ့တာကို လိုင်က တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီ ပြည့်ဝတဲ့ အစိုးရတစ်ရပ် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်က ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသလို ထိုင်ဝမ်နဲ့ တခြားနိုင်ငံတွေကြား သံတမန် ဆက်သွယ်ရေးတွေ ထူထောင်လို့ မရအောင် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးလေ့ ရှိပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပိုင် နယ်မြေဖြစ်တာကြောင့် အစိုးရချင်း ဆက်ဆံရေးတွေ တည်ဆောက်ခွင့် မရှိဘူးလို့ တရုတ်က ပြောပေမယ့် ထိုင်ဝမ်ဖက်ကတော့ တရုတ်ရဲ့ အဆိုကို ငြင်းပယ်ထားပါတယ်။

Public Service Announcement
တရုတ်ရဲ့ ဖိအားပေးမှုကြောင့် အိန္ဒိယ သမုဒ္ဒရာတွင်း နိုင်ငံသုံးခုဖြစ်တဲ့ ဆီချဲလိစ်၊ မော်ရေးရှက်စ်နဲ့ မဒါဂါစကာတို့ဟာ လိုင်စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ကို လေပိုင်နက် ဖြတ်ပြီး ပျံသန်းခွင့် မပြုခဲ့ကြောင်း ထိုင်ဝမ် အစိုးရက ပြောပါတယ်။
ဒါပေမဲ့လည်း လိုင်ဟာ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးရှိတဲ့ နိုင်ငံ ၁၂ ခုထဲမှာ အပါအဝင်ဖြစ်တဲ့ အက်စ်ဝါတီနီကို ရောက်အောင် သွားခဲ့ပြီး တတိယ မာစ်ဝါတီ ဘုရင်ရဲ့ နန်းတက်ပွဲ နှစ် ၄၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အက်စ်ဝါတီနီဟာ အရင်က ဆွာဇီလန်လို့ ခေါ်ဝေါ်တဲ့ နိုင်ငံဖြစ်ပြီး တရုတ်ဆီက ဖိအားပေးမှုတွေ ရှိနေတဲ့ကြားက ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။
မာစ်ဝါတီ ဘုရင်ရဲ့ ကိုယ်ပိုင် A340 ဂျက်လေယာဉ်က လိုင်ကို တင်ဆောင်ပြီး မေလ ၂ ရက်နေ့မှာ အက်စ်ဝါတီနီကို ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက တရုတ်ရဲ့ ဖိအားပေးမှုကြောင့် လိုင်ရဲ့ ခရီးစဉ်မှာ အနှောင့်အယှက်တွေ ရှိခဲ့တဲ့နောက် အခုခရီးစဉ် အကြောင်းကိုတော့ နှစ်နိုင်ငံ အစိုးရတွေက ကြိုတင် မကြေညာဘဲ သိုသိုသိပ်သိပ် စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်ဝမ်ကို ပြန်ရောက်လာတဲ့နောက် လိုင်က ကမ္ဘာကြီးဟာ အားလုံးနဲ့ သက်ဆိုင်ကြောင်း၊ ထိုင်ဝမ်ဟာ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းဖြစ်ပြီး ထိုင်ဝမ် ပြည်သူတွေက ကမ္ဘာကြီးရဲ့ ပြည်သူတွေဖြစ်ကြောင်း၊ ဒါကြောင့် ထိုင်ဝမ်ပြည်သူတွေဟာ ကမ္ဘာကြီးနဲ့ ထိတွေ့ ဆက်ဆံပိုင်ခွင့် အပြည့်ရှိကြောင်း၊ ထိုင်ဝမ်ဟာ ဖိအားပေးမှုတွေကြောင့်တော့ နောက်ဆုတ်သွားမှာ မဟုတ်ကြောင်း လိုင်က ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်က ပေးချင်တဲ့ တစ်ခုတည်းသော သတင်းစကားကတော့ ထိုင်ဝမ်ပြည်သူတွေဟာ ကမ္ဘာကြီးနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံဖို့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ စိတ်ဆန္ဒတွေ ရှိနေတယ် ဆိုတာပဲဖြစ်ကြောင်း လိုင်က ဆိုပါတယ်။
တရုတ်အစိုးရကတော့ လိုင်ပြန်ရောက်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက် မပေးသေးပါဘူး။ အက်စ်ဝါတီနီ နိုင်ငံကို လိုင်သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ကြွက်တစ်ကောင်လို ခိုးကြောင်ခိုးဝှက် သွားရောက်မှုလို့ တရုတ်က ပုတ်ခတ် ဝေဖန်ခဲ့ပါတယ်။
လိုင်စီးနင်းလိုက်ပါခဲ့တဲ့ A340 လေယာဉ်ဟာ မေလ ၄ ရက်နေ့မှာ ထိုင်ဝမ်ဆီ ပြန်လည် ထွက်ခွာခဲ့ပြီး မော်ရေးရှက်စ်နဲ့ မဒါဂါစကာတို့က လေပိုင်နက် အသုံးပြုခွင့် ငြင်းဆိုခဲ့တဲ့အတွက် ပိုပြီး ရှည်လျားတဲ့ လမ်းကြောင်းကနေ ကွေ့ပတ် ပျံသန်းခဲ့ရပါတယ်။ အဲဒီ နှစ်နိုင်ငံဟာ တရုတ်နဲ့ စီးပွားရေး၊ သံတမန်ရေး ပတ်သက်ယှက်နွယ်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။
လေယာဉ်က ထိုင်ဝမ် လေပိုင်နက်နား ပြန်လည်ရောက်ရှိလာချိန်မှာတော့ ထိုင်ဝမ်လေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေက ခြံရံ စောင့်ရှောက် ပျံသန်းပေးခဲ့တာကို ထိုင်ဝမ် သမ္မတရုံးက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ တွေ့ခဲ့ရပါတယ်။
ကိုးကား: Reuters


















































