မလေးရှားလဝက ဖမ်းဆီးသွားတဲ့ မြန်မာနိုင်ငံသားတွေအရေးအတွက် ဆောင်ရွက်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနဆီကို မေတ္တာရပ်ခံစာပေးပို့ထားတဲ့အကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။
မနေ့က သြဂုတ်လ ၉ ရက်မှာ မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့မှာရှိတဲ့ တရားမဝင်နေနိုင်သူတွေ ရှိရာ တိုက်ခန်းတွေကို မလေးရှားလဝက ဟာ ဝင်ရောက်စီးနင်းရှာဖွေတာတွေလုပ်ခဲ့ပါတယ်။

အဲဒီလိုဖမ်းဆီးမှုအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၇၅ ဦးဖမ်းမိတယ်လို့မလေးရှားလဝက ထုတ်ပြန်ပါတယ်။
ဖမ်းမိသူတွေထဲမှာ မြန်မာလုပ်သား ၁၀၀ ကျော် ပါဝင်တယ်လို့သတင်းတွေထွက်နေပါတယ်။

ဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေအရေးအတွက်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံ မေတ္တာရပ်ခံစာပေးပို့ထားပြီး အချိန်နဲ့တပြေးညီ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားတာတွေ့ရပါတယ်။
မလေးရှားအစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ NUG နဲ့ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းဆော်သြနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ်။
