မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်နေ၍ စစ်ဘေးရှောင် ဒေသခံပြည်သူအများအပြားရှိနေပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အကူအညီလိုအပ်နေကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။
စစ်ကောင်စီတပ်သည် မြိုင်နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုး ချေမှုန်းရေး တိုက်ပွဲဆင်နေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ လိုအပ်လျက်ရှိကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားနိုင်သည့်ကျေးရွာများရှိ စစ်ရှောင် ပြည်သူများအတွက် အရေးပေါ်အကူအညီများကို Facebook Page Messenger မှတဆင့် အကူအညီလာရောက်ပေးနိုင်ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။
“တပ်ဖွဲ့အတွက် ကျည်ဖိုး ခဲယမ်းဖိုးလည်း အရေးပေါ်လိုအပ်နေပါတယ် ။ ပြည်သူများ စစ်ကြောင်းသတင်းနားစွင့်ပါ။စစ်ရေးသတိအမြဲရှိပါ။ ပြည်သူမှ ပြည်သူသို့ ကူညီထောက်ပံ့ပါဝင်ကြပါ။”ဟု ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။


ယမန်နေ့ ဩဂုတ် ၉ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်နှစ်လုံးအားမီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် အိုရင်းကျေးရွာ၊ သာစည်ရွာနှင့် နှင်းဆီကန်ကျေးရွာများရှိ နေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးသွားပြီး ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။
မြိုင်နယ်၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေပြီး သြဂုတ်၆ရက်က တွင်းမကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျုစောထီးစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ပျူ ၃၈ဦး သေဆုံးခဲ့သည်ဟုလည်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်အသိပေးထားသည်။
