လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာ ခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄ က ယနေ့(သြဂုတ် ၁၀ ရက်) ထုတ်ပြန်သည်။
လွိုင်ကော်မြို့နယ် လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်များမှ တပ်ပြင်ပသွားလာလှုပ်ရှားမှုများရှိနေ၍ ထိတွေ့မှုများရှိနိုင်သည်ဟု ဆိုသည်။
ထို့ကြောင့် အဆိုပါလမ်းပိုင်းကို ယနေ့(သြဂုတ် ၁၀ ရက်)ကစ၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု အသိပေးသည်။
“မနေ့က ကတည်းက စစ်ကောင်စီတပ် နဲ့ KA (ကရင်နီတပ်မတော်) KNDFတို့ ပူးပေါင်းပြီး အဲဒီလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်သေးတယ်။ စင့်ဝံတောင် အနီးမှာဖြစ်တာ။စကစ ရဲ့ စစ်ရေးအရှိန်က ဘက်ပေါင်းစုံ မြှင့်လာနေပြီလို့ ပြောလို့ရတယ်”ဟု ကရင်နီဒေသစစ်ရေးသတင်းရင်းမြစ် က People’s Springသို့ ပြောသည်။
လိုက်နာခြင်းမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း KNDF တပ်ရင်း – ၁၄ က သတိပေးသည်။
လက်ရှိ ကရင်နီပြည်နယ်၌ နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့၌ စစ်ကောင်စီတပ်က စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေ သည်။
