ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့တကွ ခေါင်းဆောင်အဆက်ဆက် လက်ဆင့်ကမ်းချပေးထားခဲ့တဲ့ လမ်းစဉ်တွေအပေါ်မှာ မားမားမတ်မတ်ရပ်တည်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
လာမယ့် ဩဂုတ်(၁၂)ရက်မှာကျရောက်မယ့် (၇၂)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီသဝဏ်လွှာထဲမှာ KNLA က ပြည်သူလူထုအပါအဝင် ခေါင်းဆောင်တွေ ရဲဘော်တွေကို တိုက်တွန်းနှိုးဆော်လိုက်တာဖြစ်ပါတယ်။

ပြည်သူလူထုတွေ၊ ခေါင်းဆောင်ရဲဘော်တွေအနေနဲ့ မိမိတို့အသီးသီး ကိုယ်စီကိုယ်ငှ ထမ်းရွက်ရမယ့်တာဝန်တွေရှိထားတဲ့အလျောက် အထက်တာဝန်ရှိခေါင်းဆောင်တွေရဲ့ အစီအစဉ်၊ ညွှန်ကြားချက်တွေကို စောင့်ကြည့်နားထောင်ပြီး ဥက္ကဌစောဘဦးကြီးနဲ့တကွ ခေါင်းဆောင်အဆက်ဆက် လက်ဆင့်ကမ်းချပေးထားခဲ့တဲ့ မိမိတို့ရဲ့လမ်းစဉ်လုပ်ငန်းစဉ်တွေအပေါ်မှာ မားမားမတ်မတ်ရပ်တည်ကြဖို့ KNLA က တိုက်တွန်းထားပါ။
ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း(၇၃)နှစ်ရှိခဲ့ပြီးဖြစ်ပြီး ကရင့်အာဇာနည်နေ့ဟာလည်း နှစ်ပေါင်း(၇၂)နှစ်ရှိခဲ့ပြီးဖြစ်ပေမယ့် ယနေ့အထိတိုင် မိမိတို့ရဲ့တော်လှန်ရေးအပေါ် ပြည်သူလူထုက အားပေးထောက်ခံမှုတွေရှိနေဆဲဖြစ်ပြီး ကရင့်တော်လှန်ရေးခေါင်းဆောင်တွေ၊ ရဲဘော်တွေအနေနဲ့ လူထုဆန့်ကျင်ရေးလုပ်ရပ်မှန်သမျှကို ရှောင်ရှားကြရမှာဖြစ်တယ်လို့ KNLA က ဆိုထားပါတယ်။

ဒါ့အပြင် အာဇာနည်ခေါင်းဆောင်တွေရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရလျက် မိမိတို့ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ချမှတ်ထားပေးတဲ့ ဆုံးဖြတ်ချက်၊ ပြဌာန်းချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို စွမ်းစွမ်းတမံလိုက်နာလုပ်ဆောင်သွားကြဖို့ KNLA က အသိပေးမှာကြားလိုက်ပါတယ်။
ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနဲ့တကွ အာဇာနည်ပီပီ အသက်စွန့်ပေးလှူသွားကြတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ ပြည်သူလူထုတွေရဲ့ ခရီးလမ်းဟာ မဆုံးသေးသလို ရှေ့ဆက်ပြီးတော့လည်း မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်တွေကိုလည်း ဆက်လက်ထမ်းရွက်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
