မေ – ၁၃ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ကနီမြို့နယ်ထဲမှာအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၄၀ ခန့်ကဒေသခံပြည်သူသုံးသောင်းကျော်စစ်ရှောင်နေရပြီးနေထိုင်စားသောက်ရေးအခက်ကြုံနေရတယ်လို့စစ်ရှောင်အရေးကူညီသူအချို့ထံကသိရပါတယ်။
ကနီမြို့နယ်ထဲကိုပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်ကစတင်ပြီးစစ်တပ်စစ်ကြောင်းဝင်ရောက်လာတာဖြစ်ပြီးကျေးရွာ ၄၄ ရွာကလူဦးရေ ၃၀,၉၀၀ ခန့်စစ်ရှောင်နေရတာလို့သိရပါတယ်။
“ တောင်သူတွေလယ်လုပ်ချိန်လည်းမလုပ်ရဘဲထွက်ပြေးနေရတာပေါ့” စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိအချိန်ကစစ်ကိုင်းတိုင်း၊ကနီနယ်မှာမိုးစပါးစိုက်ပျိုးချိန် ဖြစ်ပေမယ့် စစ်ကြောင်းကြောင့်လယ်မလုပ်နိုင်ဘဲစစ်ရှောင်နေကြရတာပါ။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာကနီမြို့အနီးကရေလယ်ကျွန်းရွာ၊ ချောင်းမရွာ၊ချင်းတောင်ရွာအပါအဝင်အနီးတဝိိုက်ရှိကျေးရွာတွေမှာပါဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။
အဲဒီလိုဖြန့်ကျက်ထားတဲ့အင်အားအပါအဝင်စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းမှာအင်အား ၈၀၀ ခန့်ရှိတယ်လို့စစ်ရှောင်အရေးကူညီနေသူကအသိပေးပါတယ်။
မြေပြင်ကခြေလျင်တပ်နဲ့ စစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်နေတာကြောင့်ကနီမြို့နယ်ထဲမှာဂြိုဟ်တုအင်တာနက်ဖြစ်တဲ့စတားလင့်ခ်( Starlink)အသုံးပြုတာကိုယာယီပိတ်သိမ်းထားကြဖို့ ကနီမြို့နယ်အရေးပေါ်အုပ်ချူပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမေလ ၇ ရက်မနက်ပိုင်းကကနီမြို့နယ်၊ဝင်းမနားရွာဆေးရုံကိုတိုက်လေယာဉ်နဲ့ ဗုံးကြဲ လို့ အမျိုးသား နှစ်ဦးသေဆုံးထားပါတယ်။


















































