ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသကိုဒေသခံများ ပြန်လည်ဝင်ရောက် နေထိုင်ခြင်းမပြုရန် KIAက အသိပေး တိုက်တွန်းထားသည်။
နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီတပ်ကို KIAက ၂၀၂၃ ဒီဇင်ဘာလကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဒေသခံများ ထိုစဉ်ကတည်းက နီးစပ်ရာနေရာများသို့ စစ်ရှောင်နေကြရခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၄ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိ စစ်ရေးအခြေအနေ ရှုပ်ထွေးနေခြင်းကြောင့် နေရပ်ပြန်လည်နေထိုင်ခြင်းမပြုရန် တားမြစ်ထားကြောင်း KIA သတင်းပြန်ကြားရေးက ဇန်နဝါရီ ၂၇ရက်တွင် ဖော်ပြခဲ့သည်။


နမ့်ဖက်ကာ တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူသုံးတိုက်ခိုက်ခြင်းအပြင် စခန်းသိမ်းခံရပြီးနောက်ပိုင်းတွင်လည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ဒေသခံများ၏ နေအိမ်အဆောက်အဦး ပျက်စီးမှုများရှိခဲ့သည်။
တိုက်ပွဲကာလအတွင်း၌လည်း အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများနှင့် ဒဏ်ရာရခဲ့သည့် ပြည်သူများစွာရှိခဲ့သည်ဟု KIAက အသိပေးသည်။

Public Service Announcement
လက်ရှိတွင် စစ်ရှောင်ဦးရေ ၁၇၀၀ ကျော်ရှိနေပြီး စာရင်းမကောက်နိုင်သေးသည့် ပြည်သူများလည်း ရှိနေကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။


ကချင်သတင်းဌာန Kachin News Group၏နမ့်ဖက်ကာ သတင်းဖော်ပြချက်တွင် နမ့်ဖက်ကာ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သေး၍ KIA ခွင့်ပြုချက်ရမှသာ စစ်ရှောင်များ နေရပ်ပြန်လာကြရန် KIA က အသိပေးထားသည်ဟု ဒေသခံကို ကိုးကား ဖော်ပြသည်။
