▪︎လေယာဥ်မောင်းအားထိမှန်ပြီးရဟတ်ယာဥ်ပျက်ကျ တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် နှင့်တပ်ဖွဲဝင်အချို့သေဆုံး
▪︎ပျက်ကျသောရဟတ်ယာဥ်မှာ AS365 (Dolphin) အမျိုးအစားဖြစ်ကြောင်းမြေပြင်မှစစ်ရေးသတင်းရင်းမြစ်ပြော
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ၊ သင်္ဃန်းညီနောင်ရှိ ခမရ(၃၅၅)သို့လာသော စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို KNLA နှင့် PDF ပူးပေါင်းတပ် ကော်ဘရာစစ်ကြောင်းကမ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျက်ကျပြီး စစ်ကောင်စီတပ် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် နှင့်တပ်ဖွဲဝင်အချို့သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူတစ်ဦးနှင့် မြေပြင်မှစစ်ရေးသတင်းရင်းမြစ်ကအတည်ပြု ပြောကြားသည်။
ဇန်နဝါရီ ၂၉ရက် မွန်းလွဲပိုင်းတွင် မြ၀တီမြို့အနီး ရှိသင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅သို့တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် သည်ရဟတ်ယာဉ်ဖြင့် လာရောက်စဉ် KNLA နှင့် PDF ပူးပေါင်းတပ်များက စနိုက်ဘာဖြင့် ပစ်ခတ်ရာ လေယာဥ်မောင်းအားထိမှန်ပြီး ပျက်ကျသွားခြင်းဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။
“ဟုတ်တယ် ။ကျနော်တို့အဖွဲ့ဆော်တာပဲလေ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

Public Service Announcement
ကရင်သတင်းရင်းမြစ်တစ်ဦးကလည်း“အတည်ပြုလို့ရတာပေါ့လေ။ သူတို့ပြောတာကတော့ တပ်မမှူးလာချိန်းတာ။လာချိန်တော့ အပစ်ခံရတာ။ နတ်သမီးတောင်မှာ။ အဲဒီနားမှာပဲ။ စနိုက်ပါနဲ့ အပစ်ခံရတာ လေယာဉ်မှူး ထိသွားတာလေယာဉ်ထိုးကျသွားတယ်” ဟု ပြောသည်။
ရဟတ်ယာဉ်သည် ခမရ(၃၅၅) တပ်နှင့် ၃၅၆ အကြားတွင်ပျက်ကျခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထပ်မံရရှိသောသတင်းအရ သင်္ဃန်းညီနောင်ရှိ ခမရ၃၅၅ (ခြေမြန်တပ်ရင်း) သို့ လာရောက်စစ်ဆေးသော အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile၊ ပွိုင့် 5၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်တစီး၏ လေယာဉ်မှူးကို ထိမှန်သည့်အတွက် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
“စစ်ကောင်စီ ခမရ ၃၅၅ ကို လာရောက်စစ်ဆေးတဲ့ ရဟတ်ယာဉ် ၂စီးကို ကျွန်တော်တို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သော ကော်ဘရာစစ်ကြောင်းက လက်နက်မျိုးစုံနဲ့ပစ်ချတာ။ စစ်ကောင်စီအကြီးအကဲတွေစီးတဲ့ Eurocopter အမျိုးအစား ရဟတ်ယာဉ်တစီးပျက်ကျပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပြင်းအထန်ဒဏ်ရာရတယ်။ သေဆုံးဖို့များတယ်။ ၅ ဦးခန့် သေဆုံးတယ်လို့ ကနဦးသိရတယ်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်အား မေးမြန်းရာ ရဟတ်ယာဉ် ပစ်ချခံရမှုအတွင်း ၄ဦးသေ၊ ၁ဦး ဒဏ်ရာပြင်းထန်သည်ဟု သိရကြောင်း ပြောသည်။
“AS 365 ဟယ်လီကော်ပတာ ပျက်ကျတာ၊ Mi-17 မဟုတ်ဘူး။ သူတို့နှစ်စီးလာတယ်။ လာတဲအချိန်မှာ အာရှလမ်းမှာရှိတဲ့ အဖွဲ့တွေက ဝိုင်းပြီး ပစ်တယ်။ Mi-17 ကတော့ လွတ်သွားတယ်။ တစ်စီးကတော့ ခလရ ၃၅၆ ထဲကို ဆင်းတဲ့အချိန်မှာ အချိန်ကိုက်ပဲ အပေါ်ကနေ ဒရုန်းနဲ့ကြဲတယ်။ နောက်ပြီးတော့ ဒုံးကျည်နဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်။ အသစ်ထပ်လာလဲတဲ့ တပ်မမှူး ပြင်းထန်ဒဏ်ရာရတယ်။ သူနဲ့အတူ နောက်ထပ် ငါးယောက်ပါတယ်။ အဲ ငါးယောက်မှာပဲ ပထမပွိုင့်မှာ ထိထားတဲ့(စနိုက်ဘာ ထိထားတဲ့)သူ သုံးယောက်ပါတယ်။ လေယာဥ်(ရဟတ်ယာဥ်)ကတော့ ပျက်စီးသွားပြီ။ တပ်မမှူးနဲ့ ငါးယောက်က အပြင်းအထန်ဒဏ်ရာရတယ်။ တပ်မမှူးကတော့ သေသွားပြီလို့လည်း သတင်းထွက်တယ်”ဟု မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
AS365 (Dolphin) ရဟတ်ယာဥ်သည် ပြင်သစ်နိုင်ငံထုတ်ဖြစ်ပြီး SA 365 Dauphin 2 ဟု လူသိများသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ဗဟို ပြောရေးဆိုခွင့်ရှိသူနှင့် တပ်မဟာ(၆) စစ်ဘက် သတင်းရင်းမြစ်အချို့ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ရဟတ်ယာဉ် ပျက်ကျသည့်နေရာအား စစ်ကောင်စီတပ်မှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရှိရပြီး အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ကချင်ပြည်နယ် လိုင်ဇာဒေသတွင်လည်း ယခုလဆန်းပိုင်းက ရဟတ်ယာဉ် ၁စီး KIA၏ လက်ချက်ကြောင့် ပျက်ကျခဲ့ပြီး အရာရှိများအပါအဝင် ၇ဦးသေဆုံးခဲ့သည်။ ထို့ပြင် ဇန်နဝါရီ လလယ်တွင်လည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ တိုက်ပွဲတွင် KIAက ပစ်ချခဲ့၍ စစ်ကောင်စီတိုက်လေယာဉ် ၁စီး ပျက်ကျခဲ့သည်။ ယခု ဖြစ်စဉ်အပါအဝင် တစ်လအတွင်း စစ်ကောင်စီ၏ လေယာဉ်၊ ရဟတ်ယာဉ် ၃စီးကို တော်လှန်ရေးအင်အားစုများက ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
