အာဏာသိမ်းစစ်ကောင်စီကိုအမာခံထောက်ခံသူ၊ ပြည်သူများသံပုံးတီးစဥ်က လိုက်လံဖမ်းဆီးခိုင်းသည့် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ဥက္ကဌ ဦးသန်းထွန်းကို သင်္ဃန်းကျွန်းမြို့နယ် နေအိမ်၌ ပစ်ခတ်ခဲ့ကြောင်း ငမိုးရိပ် Mission Network အဖွဲ့တာဝန်ရှိသူကပြောသည်။
ဒီဇင်ဘာ ၁ရက် နံနက် ၈နာရီကျော်တွင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၃)လမ်းရှိ ဦးသန်းထွန်း၏ နေအိမ်၌ ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ဦးသန်းထွန်း၏ NNDP ပါတီသည် စစ်အာဏာသိမ်းသည့်အပေါ် ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို ၎င်းကိုယ်တိုင်လည်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ဖမ်းမိစဉ် သေဒဏ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သူဖြစ်သည်။ထိုအပြင် စစ်တပ်ထောက်ခံပွဲများတွင်တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။

ထို့ပြင် ပြည်သူရာနှင့်ချီ၍ သေဆုံးမှုများဖြစ်ခဲ့သည့်စစ်ကောင်စီတပ်၏ လေကြောင်းသုံးဗုံးကြဲမှုများအပေါ် ထောက်ခံသူဖြစ်ကြောင်း ငမိုးရိပ် Mission Network၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး ငမိုးရိပ် Mission Networkထံ ထပ်မံမေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။

Public Service Announcement
“သန်းထွန်းက စကစ အာဏာသိမ်းပြီးထဲက ရဲတွေ၊ ရပ်ကွက်အုပ်ကြီးတွေနဲ့ ပေါင်းပြီး သံပုံးတီးတဲ့အိမ်တွေကို တိုင်ဖူးတယ်။ ကြာနေပြီဆိုတော့ ဖမ်းမဖမ်းတော့ မမှတ်မိဘူး။ ဒါပေမယ့် စစ်ကောင်စီ အာဏာသိမ်းတာကိုရော၊ လေယာဥ်နဲ့ဗုံးကြဲတာတွေကိုရော ရပ်ကွက်ထဲမှာရော လိုင်းပေါ်မှာပါ ထောက်ခံအားပေးတဲ့သူပါ။ ခုတော့ သူ့ဝဋ်သူပြန်လည်တာပေါ့”ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အနက်ရောင်ဝတ်ထားသည့် အမျိုးသားနှစ်ဦးက မိတ္တူကူးမည်ဟုဆိုကာ လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်ချန်နယ်များက ဖော်ပြထားသည်။
“မနက်က သင်္ဃန်းကျွန်း ငမိုးရိပ်ဘက်မှာ NNDP ပါတီက တစ်ယောက် အပစ်ခံရတယ် ကြားတယ်။ အခု ၉ နာရီခွဲလောက်ကစပြီး သင်္ဃန်းကျွန်းဘက်မှာ ကားတွေပိတ်နေတယ်။ စစ်ကားတွေလည်း နေရာတိုင်းမှာ တွေ့နေရတယ်။ စံပြစျေးခုံးတံတားကနေ ဆင်းလာတဲ့ ကားတွေကို တောင်ဒဂုံဘက်အသွား တစ်စီးချင်း စစ်နေတယ်။ တောင်ဒဂုံဘက်အဝင် စံပြဈေးကားကြီး ဂိတ်မှတ်တိုင် မီးသတ်ရှေ့မှာလည်း လမ်းပိတ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ ကားသမားအချင်းချင်း အဲ့ဘက်တွေ ရှောင်ဖို့ သတိပေးနေကြတယ်”ဟု ရန်ကုန်မြို့နေ အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

စစ်တပ်အာဏာမသိမ်းမီက NNDP ပါတီဥက္ကဌဖြစ်သူမှာ ဦးသိန်းညွှန့်ဖြစ်ပြီး ၎င်းက စစ်ကောင်စီအဖွဲ့၏ ကောင်စီဝင်အဖြစ်နေရာယူပြီးနောက် ဦးသန်းထွန်းက ပါတီဥက္ကဌဖြစ်လာခြင်း ဖြစ်သည်။အဆိုပါ ပါတီ မှာ ၂၀၂၀ ခုနှစ် သြဂုတ်လတွင် စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၍ အာဏာသိမ်းရန် ပြောခဲ့သော ပါတီများထဲမှ တစ်ခုဖြစ်သည်။ထိုတွေဆုံပွဲတွင် စစ်ခေါင်းဆောင်က မလုပ်ရဲတာ ဘာမှမရှိဟုပြောခဲ့ခြင်းဖြစ်သည်။
