မကွေးတိုင်း၊ ချောက်မြို့တွင် စစ်ကောင်စီ၏ စည်ပင်သာယာရေးဌာန အရာရှိတစ်ဦး၏ နေအိမ် ဗုံးပစ် သတိပေးခံရကြောင်း သတင်းရရှိသည်။
ယနေ့ (ဒီဇင်ဘာ ၁ ရက်)နေ့လယ် ၁၂ နာရီခွဲခန့်က အမှတ်(၁၅)တိုးချဲ့ရပ်ကွက်နေ စည်ပင်အကြီးတန်းအရာရှိ(ရေပေးဝေရေး)ဒေါ်နိုင်နိုင်မော်၏ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့ခေါင်းဆောင် ဗိုလ်ပေတကပြောသည်။
နိုဝင်ဘာ ၂၉ ရက်က ချောက်မြို့၌ မြို့နယ်စည်ပင်ဥက္ကဌ အသတ်ခံရပြီးနောက် ၂ရက်အတွင်း စည်ပင်အရာတစ်ဦးနေအိမ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးအရာရှိသည် စစ်ကောင်စီအခွန်ဘဏ္ဍရရှိရေး ရေခွန်များ အဓမ္မကောက်ခံနေခြင်း၊ စစ်ကောင်စီထောက်တိုင်အဖြစ် ဆောင်ရွင်နေခြင်း၊ ပြည်သူများအပေါ်မောက်မာစွာဆက်ဆံခြင်းတို့ကြောင့် ၎င်း၏နေအိမ်အား ဗုံးပစ်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့ခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။
“ဒါနောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူအပါအဝင် စစ်ကောင်စီလက်အောက်မှာလုပ်နေတဲ့ ဝန်ထမ်းတွေကို ပြောချင်တာက ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံပါ။ အလင်းဝင်ကြပါလို့ ပြောချင်ပါတယ်။”ဟု ဗိုလ်ပေတက ဆိုသည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးပေ။
အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
