တနင်္သာရီတိုင်းရှိ မောတောင်နယ်စပ်ကုန်သွယ်စခန်းကိုသွားသည့် ထုံခါ-မောတောင်လမ်းကိုယနေ့( ဇူလိုင်၁၆ရက်)မှစ၍ ယာယီပိတ်လိုက်ကြောင်းတနင်္သာရီမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကထုတ်ပြန်လိုက်သည်။
ဇူလိုင် ၁၅ ရက်မှစတင်ပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားလာနေခြင်းကြောင့် ခရီးသွားပြည်သူများထိခိုက်မှုမရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးထားသည်။
လက်ရှိတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပိုမိုပြင်းထန်လာမည်ဟုလည်း ဒေသခံကာကွယ်ရေးအဖွဲ့များကပြောသည်။
ဇူလိုင် ၁၅ ရက် နံနက် ၇နာရီမှာစတင်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
စစ်ကောင်စီတပ်က ဒဏ်ရာရသူများကို ထိုင်းနိုင်ငံပရာကျွတ်မြို့ရှိ ဆေးရုံးသို့မောတောင်နယ်စပ်ကုန်သွယ်စခန်းရှိ ကျောက်ပြားစခန်းမှ တင်ပို့နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“တိုက်ပွဲက ဒီနေ့လည်း ဖြစ်နေတယ်။ ကုန်တင်တဲ့ကားတွေကိုတော့ နှစ်ဖက်လုံးက သွားခွင့်မပေးဘူး”ဟု ကုန်တင်ကာယာဥ်မောင်းတစ်ဦးကပြောသည်။
တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးလည်းတနင်္သာရီမြို့နယ်ကထုံခါ-မောတောင်လမ်းတွင်တိုက်ပွဲဖြစ်ပွားနေပြီးလမ်းပိုင်းကို နေ့ရောညပါ ခရီးသွားလာခြင်းမပြုရန် ယနေ့ညနေပိုင်းတွင်ထပ်မံကြေညာသည်။

မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသည် နိုင်ငံအတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ခုအနက်မှ တစ်ခုဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။ အဆိုပါကုန်သွယ်ရေးစခန်းက စစ်တပ်အာဏာမသိမ်းခင်က ၂၀၁၉-၂၀ ဏ္ဍာနှစ်က ကုန်သွယ်မှုစုစုပေါင်း ဒေါ်လာ ၁၈ သန်းကျော်ဖိုး နှစ်နိုင်ငံကုန်သွယ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းအနီးတိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ထိုင်နိုင်ငံသို့ ပို့ကုန်အများစုကို မောတောင်နယ်စပ်ကုန်သွယ်စခန်းက တင်ပို့နေပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ဒေါ်လာ ၁၅သန်းရှိခဲ့သည်။ထိုကုန်သွယ်မှုတွင် ပြည်တွင်းမှ တင်ပို့သည် ပို့ကုန်အများစုဖြစ်သည်။
