စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ရှောင်များနေထိုင်သည့် ကျေးရွာစာသင်ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းက ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်းသို့ ရောက်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းက အင်းပတ်ကျေးရွာအတွင်းသို့ (၆၀)မမ နှစ်လုံး ပစ်ခတ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် စစ်ရှောင်များရှိရာ ကျေးရွာ စာသင်ကျောင်းအတွင်း ကျရောက်ခဲ့ပြီး အသက်(၅၀)အရွယ် ဦးသန်းစိုးဆိုသူ လက်နက်ကြီးမှန်၍ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“စစ်ရှောင်တွေက ရွာကိုမပြန်သေးဘဲ စာသင်ကျောင်းမှာနေနေတာ။ အဲဒါကိုအင်းပတ်ကွေ့ကနေပစ်တာ။ အဲဒီမှာပြည်သူတွေထိတာပါ။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် အသက်(၃၀)ကျော် စစ်ရှောင်အမျိုးသား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး နွား စုံးကောင်ပါ လက်နက်ကြီးထိ သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အင်းပတ်ကျေးရွာသည် စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့ပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးကာ ၁၅ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရွှေဘိုနယ်နှင့် အင်းပတ်ကွေ့မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
