တန့်ဆည်တွင်ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)နံနက်က ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ၁၇ဦးထက်မနည်း ဒဏ်ရာရရှိသွားပြီးယနေ့တွင်ကဒူးမရွာထဲ၌ တပ်စွဲနေကြောင်း Myanmar Defense Force -Taze -Tigerမှ တာဝန်ခံတစ်ဦးကပြောပြောသည်။
အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် တန့်ဆည်မြို့နယ် ပဲဇင်းကြီးရွာအနောက်ဘက်တွင် ဇူလိုင်လ ၁၅ ရက်နံနက် ၅နာရီ ၂၇ မိနစ်မှ နာရီ ခွဲအထိ ၁နာရီ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲသည်။
“တိုက်ပွဲက တော်တော်လေးပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီဖက်က လေးဦးသေဆုံးပါတယ်။ ၁၇ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။ အတွင်းသတင်းပြန်ရပါတယ်”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာသဖြင့် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မုံရွာနမခ မှMI35 ရဟတ်ယာဥ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ရာနေရာအနီးမှ သပြေရင်းရွာ၊ပဲဇင်းကြီးရွာနှင့်ခရမ်းခြံရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး အရပ်သားထိခိုက်မှုမရှိဟု၎င်းကဆက်ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဇူလိုင်လ ၁၆ ရက်)နံနက်တွင် ကဒူးမရွာထဲ၌ တပ်စွဲထားဆဲဖြစ်ကြောင်းလဘ်းသိရသည်။
“ဒီနေ့တော့ မလှုပ်ရှားသေးဘူး။ ခါတိုင်းဆိုရင် တညနားပြီးတောက်လျှောက်ပြန်ထွက်တယ်။ အခုကတော့ ရွာထဲမှာပဲ ရှိနေတယ်။ မနေ့က တိုက်ပွဲမှာ ဒီကောင်တွေ အထိနာသွားပြီး ဆေးကုနေတာထင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
လတ်တလောတွင် စစ်ကောင်စီစစ်ကြောင်းရှိရာ နေရာမှ နှစ်မိုင်ခန့်အတွင်း နေထိုင်သော ပြည်သူများဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ကပြောသည်။
