“သူတို့အနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကိုတစ်ခေါက်ဗုံးကြဲပြီး အဲဒီဘက် လှည့်လာတော့ အဲဒီမှာရှိတဲ့ ကလေးတွေက ဝိုင်းပစ်ကြတယ်ပြောတယ် ကလလတက” – ကရင်နီဒေသခံ
ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီ၏ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၃၀ရက် နေ့လယ်က ရွာသစ်မြို့နယ်ခွဲ တာဆန်းလဲရွာအနီးတွင် အဆိုပါ လေယာဉ်ကိုပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မူလက ရဟတ်ယာဉ်ဟု ကရင်နီတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသော်လည်း စစ်ရေးသတင်းရင်းမြစ်ကမူ K-8အမျိုးအစား လေယာဉ်ဖြစ်သည်ဟု ပြောသည်။
“ရဟတ်ယာဉ်မဟုတ် လေယာဉ်ပါတဲ့။ K-8 အမျိုးအစား။ အတွင်းကလည်း ဟုတ်တယ် ပြောပါတယ်။ အဲဒီကောင်တွေက စက်သေနတ်နဲ့အနိမ့်ပျံပစ်တော့ ရနိုင်ပါတယ်။ ပွိုင့်ဖိုက်နဲ့ဆိုလည်း ဖြစ်နိုင်ပါတယ်”ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
ကရင်နီဒေသခံတစ်ဦးကလည်း ” ဖြစ်စဉ်တော့မသိပေမယ့် သူတို့အနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကိုတစ်ခေါက်ဗုံးကြဲပြီး အဲဒီဘက် လှည့်လာတော့ အဲဒီမှာရှိတဲ့ ကလေးတွေက ဝိုင်းပစ်ကြတယ်ပြောတယ် ကလလတက။ ဝိုင်းပစ်ကြတော့ ဘယ်လိုဖြစ်တယ်တော့ မသိဘူး သံလွင်ဘေးနားမှာ ကျသွားတယ်ပြောတယ်။ သံလွင်ဘေးမှာရေထဲတော့ မဟုတ်ဘူး။ သံလွင်ဘေးလို့ အဲဒီလိုပြောတယ်” ဟု ပြောသည်။
ပျက်ကျလေယာဉ်အနီးသို့ ကပ်၍မရသေးကြောင်း၊ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်အသုံးပြု လုံခြုံရေးယူနေသည်ဟုသိရကြောင်းဒေသခံကပြောသည်။
“ကျတော်တို့ ကလလတ ဗဟိုကလည်း အတည်ပြုပြီးပါပြီ။ ပစ်ချနိုင်ခဲ့ပါတယ်။ ဟတ်စကီးတော့ မဟုတ်ဘူး။ တိုက်လေယာဉ်ပါ၊ ဘာအမျိုးအစားလဲတော့ အတည်မပြုနိုင်သေးဘူး။ မြေပြင်ကို နှိမ့်နှိမ့်လေး ကပ်ပျံသွားလို့ လက်နက်ငယ်တွေနဲ့ပဲ ဝိုင်းပစ်ချ နိုင်ခဲ့ပါတယ်လို့ မြေပြင်က ရဲဘော်တွေက သတင်းပို့လာပါတယ်။” လို့ ကလလတ တာဝန်ရှိသူတဦးက ကရင်နီစစ်ရေးသတင်းများဖော်ပြပေးနေသည့် Karenni’s Voice ကိုအတည်ပြုသည်။
တိုက်ပွဲဖြစ်ပွားရာဒေသတွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည့် နယ်ခြားစောင့်တပ် (၁၀၀၅) တပ်ဖွဲ့ဝင်များရှိရာဒေသ ဖြစ်သည်။ အဆိုပါနယ်ခြားစောင့်တပ်သည် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) ၏ တပ်ရင်းဖြစ်သည်။ ယခုလေယာဉ်အား ပစ်ချနိုင်ခဲ့မှုနှင့်ပတ်သက်ပြီးကလလတသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး သီးခြား အတည်ပြုချက်မရသေးပေ။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ယမန်နေ့ နေ့လည်ပိုင်း၌ အနိမ့်ပျံဆင်းလာသည့် စစ်ကောင်စီ လေယာဉ်ကို ကလလတ ရဲဘော်များက ရှိသည့် လက်နက်ဖြင့် ပစ်ချခဲ့ရာ တာဆန်းလဲရွာအနီး ကတို့ဆိပ်အဟောင်းဘက်၌ ပျက်ကျခဲ့ကြောင်း၊ ယမန်နေ့ညနေပိုင်း၌ စစ်ကောင်က လေကြောင်းက တိုက်လေယာဉ် လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ပြောသည်။
K-8 လေယာဉ်တို့သည် အမောင်းသင် ဂျက်တိုက်လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင် စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်း ပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရသည်။
၂၀၀၀ ဝန်းကျင်အချိန် တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက်လေယာဉ် ၁၈ စင်းခန့်ကို စစ်တပ်က စတင်လက်ခံခဲ့ပြီး ယခုအခါ အစီးရေ ၅၀ ကျော်ရှိနေပြီဖြစ်သည်။
တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက်လေယာဉ်များကို စစ်တပ်က လက်နက်တပ်ဆင်ပြီး တိုက်ပွဲဝင် စစ်လေယာဉ်များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။
