စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့၍ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇွန်လ ၂၉ရက် နံနက် ၅နာရီခန့်က စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်ခဲ့သည်။
အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်စဥ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ စမွန်းရွာနေ အသက်(၅၀)အရွယ် ဒေါ်ခင်မမ ကျည်ထိမှန် သေဆုံးခဲ့သည်။
ထို့အပြင် အသက်(၄၅)နှစ်အရွယ် ဒေါ်နုနုဝင်းဆိုသူ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ အသက်(၆) နှစ်အရွယ် ကလေးငယ်မှာလည်း ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“စစ်ရှောင်တွေက ဘုန်းကြီးကျောင်းထဲမှာ စုနေနေတာ။ အဲဒီအချိန်မှာပစ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူကို မြေမြုပ်သဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဆားတောင်မြို့ပြပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် ညနေ ၃နာရီခွဲခန့်တွင် စမွန်းကျေးရွာမှ ပြန်ထွက်ပြီး ဒေသခံများ၏ လိုက်ထရပ်ယာဥ် ငါးစီးနှင့် ယာဥ်တစ်စီးပေါ်မှ ကျပ် သိန်း ၅၀၀ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ပဒူကျေးရွာ ကိုလည်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် PDF ရဲဘော်နှင့် ဒေသခံပြည်သူ ၅၀နီးပါးကျဆုံးခဲ့ရကြောင်း စစ်ကိုင်းအခြေစိုက် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။
