ကြိုတင်သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း အမေရီကန်အစိုးရက စစ်ကောင်စီလက်အောက်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို ဒဏ်ခတ်အရေးယူလိုက်ပြီလို့ကြေညာလိုက်ပါတယ်။
အမေရီကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၂၁ ရက်နေစွဲနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။အမေရီကန်အစိုးရက စစ်တပ်ကို အာဏာသိမ်းမှုကြောင့် လူပုဂ္ဂိုလ် ၈၀ ကျော်နဲ့ အဖွဲ့အစည်း ၃၀ ကျော်ကို ဒဏ်ခတ်အရေးယူထားပါတယ် ။
စစ်ကောင်စီကတော့ ဒီကနေ့မနက်ပိုင်းမှာပဲ အမေရီကန်နိုင်ငံကဒဏ်ခတ်ပိတ်ဆို့အရေးယူရင် အဲဘဏ် ၂ ဘဏ်ကအမေရီကန်ဘဏ်တွေမှာငွေစာရင်းဖွင့်ထားတာမရှိလို့ ငွေကြေးဆုံးရှုံးမှုမရှိနိုင်ပါဘူး။ဒါကြောင့်ပြည်သူတွေအနေနဲ့စိုးရိမ်ကြောင်းကြမှုမဖြစ်ဘဲ အဲ ၂ ဘဏ်မှာယုံကြည်စွာဘဏ်လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။
အမေရိကန်က စစ်ကောင်စီအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်စေဖို့ အခုလို့ တဖက်သတ်စီးပွားရေးပိတ်ဆို့မှုဆောင်ရွက်နေတာဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မီဒီယာအချို့ကိုဖြေကြားထားပါတယ်။
ဒါပေမယ့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ “ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာ စစ်ကောင်စီအတွက် အရှိုက်ထိုးခံထိတာပဲ၊ ဒါကို ဘာမဖြစ်သလို ဟန်ဆောင်ပြီး ပြောနေပါစေ သိတဲ့သူတွေကသူတို့ အထိနာတာ သိတယ်”လို့ပြောပါတယ်။
နိုင်ငံအတွင်းဆောင်ရွက်နေတဲ့ ရင်းနှီးမြှပ်နှံမှုတွေနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကိုအဲဒီဘဏ်နှစ်ခုကပဲ အဓိကဆောင်ရွက်နေတာဖြစ်တယ်လို့ အထက်ပါလုပ်ငန်းရှင်ကပြောထားပါတယ်။
အခြားလုပ်ငန်းရှင်တစ်ဦးကလည်း “စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်/ပို့ကုန်ဖြတ်သန်းငွေတွေကတော့ ပိုနည်းလာလိမ့်မယ်။ အရင်ကတည်း တစ်ဒေါ်လာကို ၂၁၀၀သတ်မှတ်ထားလို့နည်းတာကနေ။အခု ပိတ်ဆို့တာကြောင့်ပိုနည်းသွားလိမ့်မယ်”လို့သုံးသပ်ထားပါတယ်။
လက်ရှိမှာ စစ်တပ်ပိုင်စီးပွားရေးဌာန ၁၀၆ခုနဲ့ ဆက်စပ်တဲ့ လုပ်ငန်း ၂၇ခုရှိပြီး အဒီအထဲမှာ MFTB၊ MICBဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့်လယ်ယာဖွံဖြိုးရေးဘဏ်(MADB)တို့ပါဝင်ပါတယ်။ အဲဒီဘဏ်တွေကိုပစ်မှတ်ထားအရေးယူပိတ်ဆို့နိုင်ရင် စစ်ကောင်စီအတွက် တစ်နှစ်ကို ဒေါ်လာ ၂ ဘီလီယံခန့် လျော့ချနိုင်တယ်လို့ နိုင်ငံအတွင်းရှိ စီးပွားရေးပညာရှင်များပါဝင်သည့် Independent Economists For Myanmar-IEMက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
MFTB နဲ့MICB ဘဏ်တို့ကိုဒဏ်ခတ်ပိတ်ဆို့ရင်သဘာဝဓာတ်ငွေ့၊ သတ္တုနဲ့ကျောက်မျက်ရတနာတူးဖော်ရေး၊ သစ်တော၊ သင်္ဘောလိုင်းနဲ့လေကြောင်းလိုင်းများမှ ရရှိတဲ့ ဝင်ငွေတွေ ထိခိုက်နိုင်တယ်လို့ အဲဒီအစီရင်ခံစာကတွက်ချက်ဖော်ပြထားပါတယ်။
စစ်ကောင်စီကပို့ကုန် သွင်းကုန်ကုမ္ပဏီတွေကို MFTB ဘဏ်မှာ မဖြစ်မနေ ငွေစာရင်းဖွင့်ခိုင်းထားပါတယ်။ပြည်ပကိုပို့ကုန်တွေတင်ပို့ရာကနေ ရတဲ့ပို့ကုန်ရငွေ ဒေါ်လာတွေထဲက ၆၅ ရာခိုင်နှုန်းကို ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းနဲ့ စစ်ကောင်စီကို မဖြစ်မနေရောင်းရပါတယ်။လက်ရှိတွင် ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်အထက်ဈေးပေါက်တဲ့အတွက် ၁ ဒေါ်လာရောင်းတိုင်းလုပ်ငန်းရှင်တွေက မှာ ကျပ် ၉၀၀ ကျော်နစ်နာဆုံးရှုံးရတာဖြစ်ပါတယ်။
