▪︎”ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာစစ်ကောင်စီအတွက်အရှိုက်ထိုးခံထိတာပဲ။ဒါကိုဘာမဖြစ်သလိုဟန်ဆောင်ပြီး ပြောနေပါစေသိတဲ့သူတွေကသူတို့အထိနာတာသိတယ်”-လုပ်ငန်းရှင်တစ်ဦး
စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဘဏ်နှစ်ခုကိုအမေရီကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့လျှင်ပင် ငွေကြေးဆုံးရှုံးမှု မရှိနိုင်သဖြင့်ပြည်သူများအနေဖြင့်စိုးရိမ်ကြောင်းကြမှုမဖြစ်ဘဲ ယုံကြည်စွာဘဏ်လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်သည်ဟု စစ်ကောင်စီကယနေ့( ဇွန် ၂၁ )ထုတ်ပြန်သည်။
အမေရိကန်နိုင်ငံက စစ်ကောင်စီထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများကို ဇွန် လအတွင်းချမှတ်တော့မည်ဟု နိုင်ငံတကာသတင်းများကဖော်ပြသည်။ စစ်ကောင်စီအတွက် ငွေကြေးဝင်ရောက်မှုကို ကန့်သတ်ရန်နှင့် ပြည်သူ့လူထုအပေါ် စစ်ကောင်စီက ဆင်နွှဲနေသည့် အကြမ်းဖက်နိုင်မှုစွမ်းရည်များလျှော့ချရန်အတွက် ရည်ရွယ်၍ ဒဏ်ခပ်ပိတိဆို့ခြင်းဖြစ်သည်ဟုသတင်းများကဆိုသည်။

စစ်ကောင်စီကမူ အဆိုပါဘဏ်နှစ်ခုသည် အမေရိအခြေစိုက်ဘဏ်နှင့်ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသောကြောင့် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဟုဆိုသည်။ ယခင်ကလည်း အမေရီကန်က အဆိုပါဘဏ်နှစ်ခုအပေါ် ဒဏ်ခတ် ပိတ်ဆို့ခဲ့ဖူးသော်လည်း ထိခိုက်မှုမရှိဘဲ စနစ်တကျဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုသည်။
အမေရိကန်နိုင်ငံက စစ်ကောင်စီအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်စေရန်အတွက် ယခုလို့ တဖက်သတ်စီးပွားရေးပိတ်ဆို့မှုဆောင်ရွက်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မီဒီယာအချို့ကိုဖြေကြားထားသည်။
ထိုကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမရှိဘဲ ယုံကြည်စွာဖြင့် ဘဏ်လုပ်ငန်းများဆက်သွယ်ဆောင်ရွက်နိုင်သည်ဟုစစ်ကောင်စီကဆိုသည်။
နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို စစ်ကောင်စီဘဏ် ၂ ခုအပြင် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်ခွဲများမှလည်း ဆက်လက်ဆောင်ရွက်နိုင်မည်ဟုလည်းဆိုထားသည်။ထိုကြောင့် နိုင်ငံခြားသုံးငွေလွှဲပြောင်း၊ ပေးပို့လက်ခံသည့်ကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ၊ လစာများလွှဲပြောင်းမှုများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု စစ်ကောင်စီစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၂၀ တွင်ထုတ်ပြန်သည်။ အမေရီကန်က စစ်ကောင်စီ ဘဏ်နှစ်ဘဏ် ဒဏ်ခတ်အရေးကြောင်းသတင်းထွက်လာပြီး နောက်တစ်နေ့တွင်ပင် စစ်ကောင်စီကထိုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

သို့သော် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ “ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာ စစ်ကောင်စီအတွက် အရှိုက်ထိုးခံထိတာပဲ၊ ဒါကို ဘာမဖြစ်သလို ဟန်ဆောင်ပြီး ပြောနေပါစေ သိတဲ့သူတွေကသူတို့ အထိနာတာ သိတယ်”ဟုပြောသည်။
မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသည့်ရင်းနှီးမြှပ်နှံမှုများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများသည် အဆိုပါဘဏ်နှစ်ခုကသာ အဓိကဆောင်ရွက်နေခြင်းဖြစ်သည်ဟုအထက်ပါလုပ်ငန်းရှင်ကရှင်းပြသည်။
MFTBသည် နိုင်ငံအတွက် အမေရိကန်ဒေါ်လာနှင့် ကုန်သွယ်မှုအများစုအတွက် စာရင်းရှင်းလင်းရေးဌာနအဖြစ် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်/ပို့ကုန်ဖြတ်သန်းငွေတွေကတော့ ပိုနည်းလာလိမ့်မယ်။ အရင်ကတည်း တစ်ဒေါ်လာကို ၂၁၀၀သတ်မှတ်ထားလို့နည်းတာကနေ။အခု ပိတ်ဆို့တာကြောင့်ပိုနည်းသွားလိမ့်မယ်”ဟုရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။
ထိုကြောင့် စစ်ကောင်စီအတွက်အမေရီကန်ဒေါ်လာရလမ်းပိုနည်းသွားပြီး ဒေါ်လာလိုအပ်ချက်ပိုများလာတော့မည်ဟု အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။
အမေရီကန်ကဒဏ်ခတ်ပိတ်ဆို့လိုက်သောကြောင့်ထိုဘဏ်နှစ်ဘဏ်တွင်ဖွင့်ငွေစာရင်းဖွင့်လှစ်ထားသူများသည် ထိုဘဏ်စာရင်းဖြင့် နိုင်ငံတကာဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်ရသော ဘဏ်လုပ်ငန်းများ ပြုလုပ်၍ ရတော့မည်မဟုတ်ဟု လုပ်ငန်းရှင်အချို့ကပြောသည်။
လက်ရှိတွင် စစ်တပ်ပိုင်စီးပွားရေးဌာန ၁၀၆ခုနှင့် စစ်တပ်နှင့်ဆက်စပ်သည့် လုပ်ငန်း ၂၇ခုရှိပြီး ၎င်းတို့ထဲတွင် MFTB၊ MICBဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့်လယ်ယာဖွံဖြိုးရေးဘဏ်(MADB)တို့ပါသည်။
အဆိုပါပစ်မှတ်ထားအရေးယူပိတ်ဆို့နိုင်လျှင် စစ်ကောင်စီအတွက် တစ်နှစ်ကို ဒေါ်လာ ၂ ဘီလီယံခန့် လျော့ချနိုင်သည်ဟု နိုင်ငံအတွင်းရှိ စီးပွားရေးပညာရှင်များပါဝင်သည့် Independent Economists For Myanmar-IEMက ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
MFTB နှင့် MICB ဘဏ်တို့ကိုဒဏ်ခတ်ပိတ်ဆို့လျှင်သဘာဝဓာတ်ငွေ့၊ သတ္တုနှင့်ကျောက်မျက်ရတနာတူးဖော်ရေး၊ သစ်တော၊ သင်္ဘောလိုင်းနှင့် လေကြောင်းလိုင်းများမှ ရရှိသည့် ဝင်ငွေများ ထိခိုက်နိုင်သည်ဟု အဆိုပါအစီရင်ခံစာကတွက်ချက်ဖော်ပြထားသည်။
စစ်ကောင်စီကပို့ကုန် သွင်းကုန်ကုမ္ပဏီများကို ၎င်းတို့ထိန်းချုပ်ထားသော MFTB ဘဏ်တွင် မဖြစ်မနေ ငွေစာရင်းဖွင့်စေသည်။ထိုနောက်ပြည်ပသို့ပို့ကုန်တင်ပို့ရမှ ရရှိသောပို့ကုန်ရငွေ ဒေါ်လာများထဲမှ ၆၅ ရာခိုင်နှုန်းအား ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီကို မဖြစ်မနေရောင်းချခိုင်းသည်။လက်ရှိတွင် ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်အထက်ဈေးပေါက်သဖြင့် ၁ ဒေါ်လာရောင်းတိုင်းလုပ်ငန်းရှင်များမှာ ကျပ် ၉၀၀ ကျော်ဆုံးရှုံးပြီး စစ်ကောင်စီက ခေါင်းပုံဖြတ်ယူထားခြင်းဖြစ်သည်။ အလားတူ ရင်းနှီးမြှပ်နှံသောလုပ်ငံများကိုလည်း MICB တွင်ဘဏ်စာရင်းများဖွင့်ခိုင်းထားခြင်းဖြစ်သည်။
