မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က နိုင်ငံတကာအသိုက်အဝန်းကို ယနေ့ တိုက်တွန်းသည်။
ယနေ့(ဇွန်လ ၁၉ ရက်)မှာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ အထိမ်းအမှတ်နေ့ဖြစ်သလို အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းကြောင့် အကျဉ်းချခံနေရသည့် မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့လည်းဖြစ်သည်။ ယင်းအထိမ်းအမှတ်နေ့တွင် ပြည်သူများ တရားမျှတမှုရရှိနိုင်ရန်နှင့် အာဏာရှင် အဆက်ဆက် ကျင့်သုံးနေသော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေမှုအပေါ် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် အလေးထား၍ တိကျသော မူဝါများ ချမှတ်ကာ အကောင် အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု NUCC က ကတိပြုသည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်လျှက်ရှိသော စစ်ရာဇဝတ်များကို ထိရောက် မြန်ဆန်စွာ အရေးယူဆောင်ရွက်ရန် NUCC ကတိုက်တွန်းသည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုများအပေါ် ယနေ့အချိန်အထိ စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသော်လည်း အကြမ်းဖက်စစ်အုပ်စုမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသေးကြောင်း ဖော်ပြသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီးများ ၃၆၀၇ ဦး ထိန်းသိမ်းခံထားရပြီး အမျိုးသမီး ၅၃၇ ဦး အသတ်ခံရကာ အမျိုးသမီး ၁၅ ဦး သေဒဏ်ချမှတ်ခံထားရသည်။
ယနေ့ အသက် ၇၈ နှစ်ပြည့်ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် စစ်အစိုးရ နဝတ၊ နအဖ လက်ထက်တွင် နေအိမ်အကျယ်ချုပ်နှင့် အကျဉ်းထောင်တွင် ၁၇ နှစ်မျှ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခု အချိန်တွင်လည်း စစ်အုပ်စုက အခြေအမြစ်မရှိသည့် မတရားသော စွဲချက်များဖြင့် အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခြင်း ခံထားရသည်။
