မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်စစ်ကောင်စီတပ်စွဲထားရာနေရာကို မြင်းခြံခရိုင်တပ်ရင်း(၃ )ဦးဆောင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလကုန်ပိုင်းကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၊ရဲနှင့်ပျူ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ရာ သေဆုံးသူများတွင်အရာရှိတစ်ဦးပါဝင်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၃ )ပြန်ကြားရေးတာဝန်ခံ က ပြောသည်။
“ကျဆုံးတဲ့ ၁၂ ယောက်ထဲမှ အရာရှိတစ်ယောက်ပါတယ်။ ဒဏ်ရာရတဲ့ ၅ ယောက်ကလည်း ပြင်းထန်တယ်လို့ နောက်ဆက်တွဲသိရတယ် “ဟုအထက်ပါပြန်ကြားရေးတာဝန်ခံကပြောသည်။ သို့သော်သေဆုံးအရာရှိ၏ အမည်၊ ရာထူးနှင့်ကိုယ်ရေးအချက်အလက်များကိုမူ မစိရသေးပေ။
ဧပြီလ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က မြင်းခြံအမှတ်၆ စစ်ဆေးရေးဂိတ်အား မြင်းခြံခရိုင်တပ်ရင်း၃၊မြင်းခြံခရိုင်တပ်ရင်း(၁) ၊ Burmese Guerrilla Force-BGFကျေးရွာတပ်ပေါင်းစုများပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာတစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သား ၆ ဦး၊ ရဲ၃ ဦးနှင့် ပျူ ၃ ဦး သေဆုံးပြီး စစ်တပ်အရာရှိအပါအဝင် အများအပြား ဒဏ်ရာရရှိသည်ဟု မြင်းခြံခရိုင်တပ်ရင်း (၃)ကသတင်းထုတ်ပြန်သည်။ သို့သော် စစ်ကောင်စီတပ်သေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
“အဲဒီနေ့မနက်ကတော်တော်ဆော်တယ်။ မြင်းခြံအဝင်မှာတင်ဆော်နေကြတော့ ဆက်သွားလို့မရတော့လို့ လမ်းမှာရပ်စောင့်ခဲ့ရတယ်။”ဟု မြင်းခြံမြို့သို့ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုသည် ၄၅မိနစ်ခန့်ကြာသော်လည်း အပြန်အလှန်တိုက်ပွဲသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။ စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့သော်လည်း မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်ရှိလာသောကြောင့်ဆုတ်ခွာခဲ့ရသည်ဟု မြင်းခြံခရိုင်တပ်ရင်း၃ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ ထို့ကြောင့်လက်နက်များလည်းမရရှိခဲ့ဟုဆိုသည်။
“တော်လှန်ရေးမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကျဆုံးခဲ့ရသူတွေအတွက် လက်စားချေတဲ့ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ခိုက်မှုတွင် ပြည်သူများထိခိုက်မှုမရှိဘဲ ၊စစ်ကောင်စီတပ်က အဆိုပါတိုက်ခိုက်မှု အပြီးတွင် အင်အားထပ်တိုးထားကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံကပြောသည်။
