ဂန့်ဂေါ-ဟားခါးလမ်းပိုင်း၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက် ၁၀လက် ရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ အင်အားဖြည့်ရန်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၇၇ စစ်ကြောင်းကို ချင်းပူးပေါင်းတပ်ကဆက်တိုက် ကြားဖြတ်တိုက်ခိုက်နေရာ လုပမေလ ၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟဆိုသည်။

“ဂန့်ဂေါကနေ တက်လာတဲ့ တပ်မ ၇၇ တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။လက်နက် ၁၀လက်သိမ်းဆည်းနိုင်ခဲ့တယ်။ အသေအပျောက်ကတော့များမယ်လို့တွက်တယ်။ မြေပြင်ကွင်းဆင်းမှု မလုပ်နိုင်သေးဘူး။ အတိအကျတော့မပြောနိုင်သေးဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။
ချင်းဒေသတွင်းသတင်းဌာနဖြစ်သော The Chin Journal က မေ ၁ ရက်တိုက်ပွဲတွင် တပ်မ ၇၇ မှ စစ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ပွဲ၌ ချင်းပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုမရှိဟု လည်းသိရသည်။
“ကျနော်တို့က နေရာကောင်းကနေ လုပ်တာဆိုတော့ အထိအခိုက်မရှိူဘး။” ဟု ဆလိုင်းထက်နီက ပြောသည်။
လက်ရှိ မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်များ ဆုတ်ခွာခြင်းမပြုဘဲ ဆက်တက်လာပါကတိုက်ပွဲများ ဆက်ဖြစ်မည်ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးပတ်ခန့်ကတည်းက ဟားခါးသို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။
ကလေးမှ ဟားခါးသို့လာသော အပေါ့စားသံချပ်ကာကား ၂ စီးအပါအဝင် ကား အစီး( ၃၀) ဝန်းကျင်နှင့်စစ်သားအင်အား ၂၀၀ ခန့်ပါသောစစ်တပ်ကားတန်းမှာ ချင်းပူးပေါင်းတပ်များက အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကားအားလုံးပျက်စီးကာ ချင်းပူးပေါင်းတပ်များက သိမ်းဆည်းခဲ့သည်။ထိုကြောင့် အဆိုပါစစ်ကားတန်းမှ ကျန်နေသေးသောစစ်သားများကို စစ်ကူပေးရန်နှင့် ဟားခါးရှိစစ်စခန်းကို အင်အားဖြည့်ရန် ခြေလျင် တက်လာခြင်းဖြစ်သည်။ သုံးရက်အတွင်း ဟားခါးသို့ အရောက်သွားမည်ဟုတက်လာသော တပ်မ ၇၇ မှာ အကြိမ်ကြိမ်ဖြတ်တိုက်ခံနေရပြီး ၃ပါတ်နီးပါးကြာသော်လည်း လမ်းမှာပင်ရှိနေသေးခြင်းဖြစ်သည်။
