မြင်းခြံမြို့ပေါ်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြင်းခြံခရိုင်တပ်ရင်း(၃) ဦးဆောင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက်အစောပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူကပြောသည်။
မြင်းခြံမြို့ အမှတ် (၆ )ရပ်ကွက်ရှိ ရွှေညောင်ပင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၉ရက် နံနက် ၄နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၃ )ပြန်ကြားရေးတာဝန်ခံ က ပြောသည်။
အဆိုပါယာယီစခန်းတွင်စစ်ကောင်စီတပ်သားနှင့် ပျူ စောထီး ပုံမှန်နေ့များတွင် ၁၅ ဦးကျော်ရှိသော်လည်း PDF များသွားရောတိုက်ခိုက်ချိန်တွင် အင်အားတိုးထားပြီး ၂၅ ယောက်ခန့်ရှိနေကြောင်း ၎င်းကဆက်ပြောသည်။ တိုက်ခိုက်မှုတွင် စစ်သား၊ပျူနှင့်ရဲ ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

” စစ်တပ်ဘက်က ရှစ်ယောက်သေတယ်လို့ သတင်းပြန်ရတယ်။တော်လှန်ရေးမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကျဆုံးခဲ့ရသူတွေအတွက် လက်စားချေတဲ့ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ခိုက်မှုသည် ၄၅မိနစ်ခန့်ကြာခဲ့ပြီး အပြန်အလှန်တိုက်ပွဲသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။ စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့သော်လည်း မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်ရှိလာသောကြောင့်ဆုတ်ခွာခဲ့ရသည်ဟု မြင်းခြံခရိုင်တပ်ရင်း၃ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ ထို့ကြောင့်လက်နက်များလည်းမရရှိခဲ့ဟုဆိုသည်။
အဆိုပါတိုက်ပွဲကိုမြင်းခြံခရိုင်တပ်ရင်း၃၊မြင်းခြံခရိုင်တပ်ရင်း(၁) ၊ Burmese Guerrilla Force-BGFကျေးရွာတပ်ပေါင်းစုများပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ထိခိုကိမှု မရှိဟုဆိုသည်။
“ပြည်သူတွေထိခိုက်တာတော့မရှိဘူးဗျ။ခုနောက်ဆက်တွဲအနေနဲ့ အင်အားတွေထပ်ပြီး တိုးထားတယ် ကြားတယ်ဗျ” ဟု အထက်ပါပြန်ကြားရေးတာဝန်ခံကပြောသည်။
