▪︎တင့်ကား တစ်စီးပျက်စီး၊ လက်နက်တင်ယာဉ် ဒရုန်းထိပြီး ထပ်ဆင့်ပေါက်ကွဲမှုဖြစ်၊ လေကြောင်းပစ်ကူလာနေဟုဆို
ချင်းပြည်နယ် ဟားခါးသို့ လက်နက်နှင့်ရိက္ခာ၊ ခဲယမ်း လာပို့သည့် စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ ယနေ့တွင် တိုက်ပွဲဆက်ဖြစ်ပြီး ကျန်နေသည့် ယာဉ်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့မှ မတ်လ ၇ရက်တွင် ထွက်ခွာလာသည့် တင့်ကား ၂စီးပါ ယာဉ် ၃၀ခန့်ကို လမ်းတလျှောက်တွင် ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် CNA တပ်များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် တစ်ရက်ခန့်သာ သွားရသည့် ကလေး – ဟားခါးလမ်းကို စစ်ကောင်စီယာဉ်တန်းသည် တစ်လကျော်ကြာသည်အထိ မရောက်နိုင်ဘဲ ဖြစ်နေပြီး စစ်ကောင်စီတပ်များ သေဆုံးထိခိုက်များပြားခဲ့သည်။

ဧပြီ ၁၁ ရက်တွင်လည်းချင်းပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ တစ်နေ့တည်း ကား ၈ စီးသိမ်းယူနိုင်ခဲ့သည်။ထိုကြောင့် ဧပြီ ၁၁ အထိ့ကား ၁၃ စီး သိမ်းဆည်းနိုင်ပြီး တင့်ကား ၂ စီးနှင့် ကား ၁၀ စီးဝန်းကျင်သာကျန်သောယာဥ်တန်းကိုချင်းပူပေါင်းတပ်ကယနေ့ အပြင်းအထန်ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အခု(ဧပြီ ၁၃ရက် နေ့လည်ပိုင်း)က တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတော့ အခု ယာဉ်တန်းအားလုံးကတော့ ပျက်စီးပြီးပြီလို့ ကျနော်တို့ မြေပြင်သတင်းအရသိရတယ်။ ပြီးတော့ သူတို့ သယ်လာတဲ့ ပစ္စည်းတွေအားလုံးလည်း ကျနော်တို့ ဖောက်ခွဲနိုင်ခဲ့တယ်ပေါ့။ အခု သိရသလောက်တော့ တင့်ကား နှစ်စီးထဲက တစ်စီး ပျက်သွားပြီလို့ သိရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်လာသော်လည်း ချင်းရဲဘော်များ အထိအခိုက်မရှိဟု ၎င်းကဆိုသည်။
ထို့ပြင် ချင်းတပ်ဖွဲ့၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်ဟားခါးမြို့နယ် ချွန်ကျုံးရွာ ရှိ စစ်ကောင်စီ၏ လက်နက်တင်ယာဉ်ဟု ယူရသည့် ယာဉ်မှာ ထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံကို ကိုးကား၌ The Chin Postက ဖော်ပြသည်။
ယင်းနှင့်ပတ်သက်ပြီး ဆလိုင်းထက်နီက အတည်ပြုပြီး ယာဉ်ပေါက်ကွဲမှုရှိသည်ဟု ရှင်းပြသည်။

“ကျနော်တို့ ချတဲ့အချိန်မှာ အဲဒီလိုမျိုး ပြန်ပြီးတော့ ထပ်ကွဲတယ်။ ကျနော်တို့ သိရတာပေါ့။ သူတို့မှာ ကျည်တွေထပ်ပေါက်ကွဲမယ်လို့ ကျနော်တို့ အဲဒီလို ထင်တာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ အင်အား ၄၀ ခန့်သာ ကျန်တော့ကြောင်း၊ ဟားခါးမှ စစ်ကူတပ်များလည်း ယခင်နေ့ကတည်းက ထွက်ခွာလာရာ ချင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှင်းပြသည်။
“ခန့်မှန်းကတော့ ကျနော်တို့ တွက်လို့မရဘူး။ သူတို့ ကလေးက လာတာ အင်အား ၂၀၀လို့ ကျနော်တို့ သိရတယ်။ အခု အင်အား ၄၀ တော့ ကျန်မယ်လို့ ကျနော်တို့ တွက်တယ်။ အဲဒီမှာ အားလုံးက ကျဆုံးတယ်လို့ ကျနော်တို့ မပြောနိုင်ဘူး။ ဒဏ်ရာ ရရှိတဲ့သူတွေ ကျဆုံးတဲ့သူတွေ အဲဒီလို ရှိနိုင်တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။
လက်ရှိ စစ်ကောင်စီ ရောက်ရှိနေသည့် ချွန်ကျုံးရွာသည် မြို့လယ်နှင့် ၉ မိုင်ခန့်ဝေးသော်လည်း မြို့အစပ်နှင့်ဆိုပါ မိုင်အနည်းငယ်သာ ဝေးတော့သည်ဟုဆိုသည်။
