ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရှေတန်းသို့စေလွှတ်ခြင်းခံရသော စစ်ကောင်စီတပ်သား နှစ်ဦးသည် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ် (MNDAA)ထံသို့ သေနတ်နှစ်လက်နှင့်အတူလက်နက်ချအလင်းဝင်လာသည်။
စစ်ကောင်စီတပ်၏ စကခ ၁၂ လက်အောက်ခံ ခြေလျင်တပ်ရင်းတစ်ခု စစ်သား နှစ်ဦး သည် လက်နက် ခဲယမ်းများနှင့် အတူလက်နက်ချအလင်းဝင်လာကြောင်းကို MNDAA သတင်းပြန်ကြားရေးဌာန The Kokang က ယနေ့(ဧပြီ ၁၃ရက်)ထုတ်ပြန်ထားသည်။လက်နက်ချ အလင်းဝင်သောရက်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။
အဆိုပါစစ်သားများပါသော တပ်ရင်းသည် လောက်ကိုင်တွင် စစ်ကြောင်းထိုးရမည်ဟု အမိန့်ပေးစေလွှတ်၍ ကိုကန့်ဒေသသို့ ရောက်ရှိလာခြင်းဟု အလင်းဝင်လာသောစစ်သားတစ်ဦးက The Kokang သို့ ပြောထားသည်။

စစ်ကောင်စီ တပ်ရင်းမှုးများ အရာရှိများသည် ပြည်သူများအပေါ် ငွေကြေးတောင်းခံမှုများ၊ ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ၎င်းတို့နှစ်ဦးက ပြောသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီတပ်အား MNDAA က မကြာခဏ တိုက်ခိုက်နေပြီး ပြီးခဲ့သည့် မတ်လ ၂၉ရက်ကတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
နွေဦးတော်လှန်ရေး ကာလတွင် စစ်ကောင်စီတပ်ကိုစွန့်ခွာ၍ ပြည်သူနှင့် ပူးပေါင်းလာသော စစ်သားနှင့် ရဲ စုစုပေါင်း ၁၃၀၀၀ ကျော်ရှိပြီး ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံလက်နက်ချ၍ ပြည်သူရင်ခွင်ခိုလှုံ့လာသူများဆက်တိုက်ရှိနေကြောင်းNUG ကထုတ်ပြန်ထားသည်။
