▪︎စစ်ကောင်စီတပ်က ရဟတ်ယာဥ် ၂ စီးဖြင့်တစ်နေကုန်လာရောက်ခြိမ်းခြောက်၍ သက်သေဖျောက်ရန်ကြိုးစားနေဟု ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများပြော
▪︎သေဆုံးသူအရေအတွက်မှာ ၁၅၀ ကျော်မှ ၂၀၀ ခန့်အထိ့ရှိလာနိုင်ကြောင်းရှာဖွေကယ်ဆယ်ရေးလုပ်နေသူများပြော
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးပြည်သူဦးရေ၁၂၀ခန့်အထိရှိလာပြီး ၊စစ်ကောင်စီတပ် ရဟတ်ယာဥ်များက ပဇီကြီးရွာသို့ ယနေ့တွင်လည်းတစ်နေကုန်လာရောက်ခြိမ်းခြောက်နေ၍ ရှာဖွေကယ်ဆယ်ရေးကောင်းစွာမလုပ်နိုင်ကြောင်း ဒေသခံများနှင့် NUG ထိမှသိရသည်။
စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ်ကင်းထောက်ခြိမ်းခြောက်နေခြင်းမှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မြေပြင် သက်သေအထောက်အထားများဖျောက်ဖျက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
“သူတို့က သက်သေတွေ ဖျောက်ဖို့ကြိုးစားနေတယ်။ ကျွန်တော်တို့ကတော့ မြေပြင်က သက်သေအထောက်အထားတွေအကုန်လုံးကို NUG ကိုရော နိုင်ငံတကာကိုရော ပို့ထားပါတယ်” ဟုဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်နက်ထုတ်လုပ်ရေးတာဝန်ခံကပြောသည်။
ပဇီကြီးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ကယနေ့(ဧပြီလ၁၂ရက်) နံနက် ၉နာရီခွဲခန့်မှစ၍ Mi-35 ရဟတ်ယာဉ်နှစ်စင်း ပတ်ပျံကာ ကင်းထောက်နေကြောင်း ဒေသခံများကပြောသည်။

“လေကြောင်းက မနက်ကရော ညနေကရော ပလူပျံနေအောင် ပျံနေတာ။ ဒီနေ့ တော့ အနားတောင် မကပ်နိုင်ဘူး” ဟု ရုပ်အလောင်းများရှာဖွေရေးအဖွဲ့တွင် ပါဝင်သော ပဇီကြီးမဟုတ်သည့် ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG ) ကယနေ့(ဧပြီ ၁၂ ရကိ) ညနေ ၇ နာရီအထိရရှိထားသော စာရင်းများအရ သေဆုံးသူ ၁၁၆ ဦးရှိလာပြီးဖြစ်ကြောင်းသိရသည်။ သေဆုံးသူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး(ယောကျ်ားလေး ၈ ဦး၊ မိန်းကလေး ၁၁ ဦး) နှင့် အသက် ၁၈ နှစ်အထက် ၉၇ ဦး (အမျိုးသား ၈၁ ဦး ၊အမျိုးသမီး ၁၆ ဦး) ဖြစ်ကြောင်း NUG မှတာဝန်ရှိသူထံမှသိရသည်။
ထိုအပြင် ဒဏ်ရာရသူ ၇၀ ကျော်ရှိကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ဖားကန့်မြို့နယ် အနန့်ပါလေကြောင်းတိုက်ခိုက်မှုမှာ ၆၀ ကျော်သေဆုံးပြီး အများဆုံးဖြစ်နေခဲ့ရာ မှ ၊ယခု ပဇီကြီးရွာ လေကြောင်းလေကြောင်းတိုက်ခိုက်ခံရတွင် လတ်တလောစာရင်းအရပင် ၁၁၆ ဦးရှိလာ၍ စစ်အုပ်စုကျူးလွန်ခဲ့သောအစုလိုက်အပြုံလိုက်သတ်များမှုတွင် အများဆုံးဖြစ်လာသည်။ သို့သော် သေဆုံးသူရုပ်အလောင်းများကိုရှာဖွေနေဆဲ ဖြစ်ပြီး အရေအတွက် ထပ်တိုးလာနိုင်သေးသည်။
မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေးကူညီလုပ်ကိုင်ပေးနေသူအချို့ကမူ သေဆုံးသူမှာ ဧပြီ ၁၂ ရက်ညနေပိုင်းကောက်ယူရရှိသည့်စာရင်းများအထိ (၂၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း လင်းယုန်နီ(ကန့်ဘလူ)တော် လှန်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။
“အခုကျွန်တော်တို့ပြောတဲ့စာရင်းက သေဆုံးတက်နော။ အဲဒါကြောင့် ကျွန်တော်က သေဆုံး (၂၀၀) ခန့်ဆိုပြီး ပြောတာ။ ထိခိုက်ကို စာရင်းထဲ ထည့်မထားဘူး။ ထိခိုက်ပြီးမှ သေဆုံးတဲ့သူပဲ စာရင်းထည့်ထားတယ်”ဟု ၎င်းက ဆက်ပြောသည်။
ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်နက်ထုတ်လုပ်ရေးတာဝန်ခံကမူ သေဆုံးသူ ၁၅၀ ကျော်အထိရှိလာကြောင်းပြောသည်။
စစ်တပ်ကလေကြောင်းမှပျံဝဲ ခြိမ်းခြောက်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရကြောင်းလည်း ၎င်းတို့ကပြောသည်။
ယနေ့ (ဧပြီ ၁၂ )ညနေအထိ ရုပ်အလောင်း ၈၀ ကျော် မီးသင်္ဂြိုလ်ပြီးနေပြီး ပျောက်ဆုံးနေသူအများအပြား ကျန်ရှိနေသေးသည်ဟု ရုပ်အလောင်းများရှာဖွေနေသူများကပြောသည်။
ဧပြီ ၁၁ ရက်နံနက်ပိုင်းက ကန့်ဘလူနယ် ပဇီကြီးကျေးရွာတွင် တိုက်နယ်အဆင့် ကျေးရွာ ပကဖ၊ ပအဖ၊ ပလဖ စုပေါင်းရုံးဖွင့်ပွဲအနေဖြင့် ဧည့်ခံကြွေးမွေးနေချိန် ဒေသခံပြည်သူများလာရောက်သုံးဆောင်၍ စု ဝေးနေစဥ် နံနက် ၇ နာရီ ၄၅ မိန်ခန့်တွင် စစ်တပ်သုံးဂျက်ဖိုက်တာတစ်စီးနှင့်တိုက်ခိုက်ရေးရဟတ်ယာဥ် M-i35 နှစ်စ်စင်းတို့ဖြင့် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကြွေးမွေးဧည့်သည့်နေရာသို့ ရောက်ရှိလာသူများတွင် အိမ်ခြေ (၂၀၀)ကျော်ရှိ ပဇီကြီးကျေးရွာမှ ပြည်သူများအပါအဝင် ဘေးတွင်းစင်၊ ချောင်းသာ၊ ရွာသာယာနှင့် မဲဇာတောစသည့်ကျေးရွာများမှ ဒေသခံပြည်သူများလည်း ပါဝင်ကြောင်းသိရသည်။
