▪︎နိုင်ငံတကာသတင်းဌာများက ခေါင်းကြီးပိုင်းသတင်းအဖြစ်ဖော်ပြ
မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။
နိုင်ငံတကာ သတင်းဌာနတွေကလည်း အဲဒီ ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်ကို ခေါင်းကြီးပိုင်း သတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းက ကျေးရွာတစ်ခုကို အာဏာသိမ်း စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် လူ ၅၀ ကနေ ၁၀၀ ကြားသေဆုံးကြောင်း Guardian သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အခမ်းအနား တစ်ခုမှာ ဒေသခံ အရပ်သားတွေ စုဝေးနေချိန် တိုက်လေယာဉ်တွေက ဗုံးတွေကြဲချပြီး နောက်ဆက်တွဲ အနေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကပါ ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ပြည်တွင်းက လွတ်လပ်တဲ့ သတင်းဌာနတွေကို ကိုးကားပြီး Guardianက ဆိုပါတယ်။












The Newyourk Times ၊ CNN ၊The Washington Post ၊AP၊ AFP၊ BBC ၊DW ၊Independent စတဲ့ နိုင်ငံတကာသြဇာကြီးသတင်းဌာနပေါင်း များစွာကလည်း မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်လှတဲ့ အဲဒီ ကျူးလွန်မှုကြီး အကြောင်းကို ခေါင်းကြီးပိုင်း သတင်းတွေအဖြစ် ဖော်ပြခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံတွေက နိုင်ငံတကာသတင်းဌာနတွေဖြစ်တဲ့South China Morning Post ၊ Bangkok Post ၊The Straits times ၊India TV ၊ Nikki Asia စတဲ့သတင်းတွေကလည်းဖော်ပြခဲ့ကြပါတယ် ။
အာဏာသိမ်း မြန်မာစစ်တပ်ဟာ သူတို့ကိုအားကောင်းကောင်းနဲ့ ခုခံ တော်လှန်နေတဲ့ ဧရိယာတွေမှာ အရပ်သား ပစ်မှတ်တွေကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာမျိုးတွေ အရင်ကလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီးသားပါ။ အခုတစ်ကြိမ် ကန့်ဘလူမြို့ထဲက ပဇီကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု အပြီးမှာတော့ နိုင်ငံတကာ တုံ့ပြန် အရေးယူမှုတွေကို တောင်းဆိုမှုတွေလည်း ပိုမို မြင့်တက်လာပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗီဒန့် ပက်တဲလ်က ဒီဖြစ်စဉ်ဟာ အာဏာသိမ်း မြန်မာ စစ်တပ် အနေနဲ့ လူ့အသက်တွေကို လုံးဝ တန်ဖိုးမထားသလို မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူသားရေးရာ ဘေးဒုက္ခ အကျပ်အတည်းတွေ ကြုံလာမှာကိုလည်း လုံးဝ ခေါင်းထဲ မထည့်ဘူးဆိုတာ ပိုမို ပေါ်လွင်လာစေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြား မူဝါဒရေးရာဌာန ပြောရေးဆိုခွင့်ရ အရာရှိ နာဘီလာ မက်စ်ရာလီကလည်း စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအကြောင်း ကြားသိမိတဲ့အချိန် ဥရောပသမဂ္ဂ အနေနဲ့ အထူးတလည် တုန်လှုပ်သွားမိကြောင်း၊ ဒါဟာ ဒါဇင်ပေါင်း များစွာသော အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တဲ့ မှုခင်းဖြစ်ကြောင်း၊ ကျူးလွန်သူတွေ အနေနဲ့ တာဝန်ယူ၊ တာဝန်ခံမှု ရှိလာအောင် ဥရောပ သမဂ္ဂက ဖိအားပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာ တက်ခ်က သေဆုံးသူတွေထဲမှာ အကအပြနဲ့ ဖျော်ဖြေနေတဲ့ ကျောင်းသားအရွယ် ကလေးငယ်တွေ အများအပြား ပါဝင်ခဲ့တယ် ဆိုတာကို ရင်နာစရာ ကြားသိခဲ့ကြောင် ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကဏ္ဍရဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကလည်း မြန်မာ့ နိုင်ငံရေး အကျပ်အတည်းအပေါ် နိုင်ငံတကာ တုံ့ပြန်မှုတွေ အားနည်းနေတာကြောင့် မသမာသူတွေက ထင်တိုင်းကြဲနေတာ ဖြစ်တယ်လို့ အတိအလင်း ဝေဖန်ခဲ့ပါတယ်။ အခုဆိုရင် မြန်မာ စစ်တပ်ဟာ အပြစ်မဲ့ ပြည်သူတွေကို စိမ်ပြေနပြေ သတ်ဖြတ်နေကြောင်း၊ကမ္ဘာ့ခေါင်းဆောင်တွေကထိရောက် အားကောင်းတဲ့ တုံ့ပြန်မှုတွေ မစတင်ခင် မြန်မာနိုင်ငံမှာ ကလေး ဘယ်နှယောက် ထပ်သေရဦးမလဲ ဆိုတာကို မေးခွန်းထုတ်လိုကြောင်း သူက ပြောကြားသွားပါတယ်။
အရင်ကလည်း မြန်မာစစ်တပ်ဟာ လူဒါဇင်ပေါင်းများစွာ အစုလိုက် သေဆုံးတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ဖူးပေမယ့် နိုင်ငံတကာ တုံ့ပြန်မှုတွေကတော့ ယုတ်လျော့ အားနည်းနေဆဲ ဖြစ်ပါတယ်။
