စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းရဲတပ်ဖွဲ့ ရုံးအနီး ၃ ထပ်တိုက်နဲ့ နေထိုင်တဲ့ တိုင်းတရားလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူး အမျိုးသမီး သတ်ဖြတ်ခံရပြီး နေအိမ်ပါ ဒီနေ့မနက်ပိုင်းက မီးလောင်ခဲ့ပါတယ်။
တိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး အသက် ၅၀ အရွယ် ဒေါ်လေးကြည် ရဲ့ နေအိမ်ဟာ ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းတာပါ။
အဲဒီမီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှာ ဒေါ်လေးကြည်ရော ၊ အသက် ၃၈ နှစ်အရွယ် အိမ်အကူ အမျိုးသမီးပါ နေအိမ်မှာ သေဆုံးနေတာ တွေ့ရတယ်လို့ စစ်အုပ်စု ဘက်က သတင်းထုတ်ပါတယ်။
တိုင်းတရားလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လေးကြည် ရဲ့အလောင်းမှာ ဓားဒဏ်ရာတွေတွေ့ရပြီးလည်ပင်းမှာ မီးဖိုချောင်သုံး စတီးဓား တစ်ချောင်း စိုက်ဝင်နေတယ်လို့ စစ်အုပ်စုရဲ့သတင်းမှာတွေ့ရပါတယ်။
အိမ်အကူအမျိုးသမီးရဲ့အလောင်းမှာတော့ ပြင်ပဒဏ်ရာမတွေ့ရဘူးလို့လည်း စစ်အုပ်စုက ဆိုထားပါတယ်။
အိမ်ရှင်နဲ့ အိမ်အကူ အမျိုးသမီး တို့ကို သတ်ဖြတ်ပြီးနောက် နေအိမ်ပါမီးရှို့သွားတာလို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။
နေအိမ်မီးလောင်မှုမှာကုတင် ၊မွေ့ယာနဲ့ အိမ်တွင်းပစ္စည်းအနည်းငယ်သာမီးလောင်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။
