▪︎တစ်ပတ်အတွင်း တိုက်ပွဲ ၂၀ခန့် ဖြစ်ခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်း၊ အလောင်းများ သိမ်းဆည်းရရှိခဲ့ပြီး ၊ဧပြီ ၁၀ ရက်တိုက်ပွဲတစ်ရက်တည်း စစ်သား ၃၀ကျော်သေဟုဆို
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း၌ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်အကြား ဧပြီ ၅ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကြောင်း မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
မန္တလေး PDF အနေဖြင့် သပြေညို အမည်ရှိ စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်ပြီး ယခု တိုက်ပွဲများသည် အဆိုပါ စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်သည်။
“ဒီ ၄(ဧပြီ)လပိုင်း လဆန်းလောက်ကတည်းက အကြမ်းဖက်စစ်ကောင်စီနဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေအကြား တင်းမာမှုတွေ တချို့ရှိတယ်။ အောက်ခြေမှာပေါ့။ ၅ရက်နေ့က စပြီး ကျည်စပေါက်တာ တောက်လျှောက် တိုက်ပွဲဖြစ်နေတာ ဒီနေ့ဆိုရင် ၁၁ရက်နေ့အထိလည်း အခုအချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ” ဟု ကိုအော်စမွန်က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူများ တောက်လျှောက် အသုံးပြု ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုများလည်းရှိသည်ဟု ၎င်းကဆိုသည်။
“မနေ့က ၁၀ရက်နေ့ တစ်ရက်တည်းကိုပဲ လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ပေါ့။ တစ်နေကုန် လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တယ်။ ည ၁၂ ထိုးခါနီးအထိကို သူတို့ လုပ်နေတုန်းပဲ။ ဒီစစ်ဆင်ရေးကာလမှာ ကျနော်ဘို့ဘက်က ရဲဘော် အချို့ ထိခိုက်ဒဏ်ရာရ ကျဆုံးတာတွေတော့ ရှိပါတယ်။စကစ ဘက်ကလည်း တော်တော်များများ ကျတယ်လို့ ကျနော်တို့ သိရတယ်။ မနေ့က တစ်ရက်တည်းကို ၃၀ ကျော် စကစ ဘက်က ကျတယ်ဆိုပြီးတော့ ကျနော်တို့ သိထားပါတယ်။ ဒီ ခြောက်ရက်တာ ကလအတွင်း ရင်ဆိုင်တိုကက်ပွဲ အကြိမ် ၂၀လောက်ထိ နောင်ချိုမြို့နယ် နေရာအနှံ့အပြားမှာ ဖြစ်ခဲ့တယ်ဗျ” ဟု ကိုအော်စမွန်က ပြောသည်။

အဆိုပါ တိုက်ပွဲများအနက် အချို့တိုက်ပွဲသည် နာရီပိုင်း၊ မိနစ်ပိုင်းသာ ကြာသော်လည်း အချို့တိုက်ပွဲများသည် တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သည်ဟုရှင်းပြသည်။စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
“ရန်သူ့ဘက်က အလောင်းတွေ သိမ်းဆည်းရမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတွေလည်းရှိတယ်။တိုက်ပွဲတစ်ခုလုံး အပြည့်အစုံတော့ သတင်းထုတ်ပြန်ဖို့တော့မရှိသေးပါဘူး” ဟု ကိုအော်စမွန်က ပြောသည်။
နွေဦးတော်လှန်ရေး တိုက်ပွဲအရှိန်ယခင်ထက် အရှိန်မြှင့်နေခြင်းဖြစ်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာရန်သာရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေလိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးစေချင်တယ်”ဟု ကိုအော်စမွန်က တိုက်တွန်းသည်။
တော်လှန်ရေးအင်အားစုများ၏ လိုအပ်ချက်များကို ပြည်သူလူထုဘက်က အားစိုက်ပံ့ပိုးပေးပါက ပြည်သူလိုလားသည့် ပန်းတိုင် ပို၍ မြန်မြန်ရောက်မည်ဟုလည်း ၎င်းက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDFများ အပါအဝင် ရှမ်းမြောက် ရှိ မဟာမိတ် တပ်များသည်လည်း ဧပြီ ၇ရက်နေ့က မိုးကုတ် – ပြင်ဦးလွင်- ကျောက်မဲ လမ်းရှိ လယ်ကြီး စစ်တပ်စခန်းနှင့် ရဲဂိတ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်။
တောင်ချိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး ဧပြီ ၅ ရက်တွင် စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောသည်။
ဖေဖော်ဝါရီ လဒုတိယပါတ်ကလည်း စစ်ကောင်စီတပ်က လေကြောင်း ၊ကုန်ကြောင်းတို့မှ MPDF ကို တိုခိုက်ခဲ့သည်။MPDF တပ်ဖွဲ့ဝင်များစနစ်တကျ ခုခံတိူက်ခိုက်သဖြင့်တိုက်ပွဲချိန် ၆ နာရီကျော်ကြာခဲပြီး စစ်သား ၂၅ဦ္ ကျော်သေဆုံးခဲ့ပြီး စစ်သားများ၏လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိကာ၊ MPDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်။
