စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကန်ကြီးကုန်းကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀လုံးခန့်ဖျက်ဆီးကာ ဒေသခံပြည်သူတစ်ဦးအား ပစ်ခတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဧပြီ ၈ ရက်က စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အစပ်သို့ Mi-35 နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး Mi-17 နှစ်စီးဖြင့် အင်အားပို့ဆောင်ခဲ့သော စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုရွာနှင့် တလိုင်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။
ထို့နောက် ယနေ့ (ဧပြီ ၁၀ ရက်) နံနက်ပိုင်းတွင် ကန်ကြီးကုန်းရွာကို ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ဦးအား ဖမ်းဆီးကာ နေအိမ် ၁၀လုံးခန့်အားဖျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ကန်ကြီးကုန်းရွာမှ ထွက်ခွာစဥ် လမ်းတွင်တွေ့သော ဒေသခံပြည်သူ တစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။
“ပြန်ထွက်သွားပြီပြောတယ်။ သေနတ်မှန်တဲ့သူက ပေါင်မှန်တာ။ ကြောက်လို့ထွက်ပြေးတာကို ပစ်တာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ စီးနင်းပစ်ခတ်မှုများကြောင့် မင်းကွန်းနယ်မြောက်ခြမ်း၊ ဧရာဝတီမြစ်ဘေးရှိ ကျေးရွာအများအပြားမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက် အမှတ်(၃)လမ်းမကြီးအနီးတဝိုက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဧပြီ ၈ ရက်မှ ၁၀ ရက်အထိယာယီ ပိတ်ထားကြောင်း၊ လိုက်နာခြင်းမရှိဘဲ သွားလာ၍ တစုံတရာ ဖြစ်ပေါ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဧပြီ ၈ ရက်က စစ်ကိုင်းမြို့နယ် တလိုင်းရွာအား စီးနင်းပြီး နေအိမ် ၁၀လုံး၊ ကျေးလတ်ဆေးပေးခန်း၊ ထရန်စဖော်မာနှင့် သုံးဘီးယာဥ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။
အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
