အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ကျောင်းသားထုအခွင့် အရေးတာဝန်ခံဖြစ်သူ ကိုထက်အောင်ထွန်းအား အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ် (၁၁) နှစ်နှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်းအား ထောင်ဒဏ် (၅)နှစ်စီ မုံရွာမြို့နယ်တရားရုံးက ယမန်နေ့ မတရားအမိန့် ချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ် (ABFSU)က ထုတ်ပြန်သည်။
ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်း တို့အား မုံရွာမြို့နယ်တရားရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ABFSU က ဖော်ပြထားသည်။
” ကိုထက်အောင်ထွန်းရော မခိုင်ဇာလင်းကိုရော စစ်တပ်က မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ချဖြစ်တာပါ။ သူတို့နှစ်ဦးလုံး အထဲမှာ ကျန်းမာရေးကောင်းဖို့ကိုပဲ ဂရုစိုက်ရပါမယ်။ လက်ရှိတော့ သူတို့နှစ်ဦးလုံးကို မုံရွာအကျဥ်းထောင်မှာပဲ ချုပ်နှောင်ထားတယ်လို့ သိရပါတယ် “ဟု တော်လှန်ရေးအင်အားစုမှ ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

ဗကသရဲဘော် ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်းတို့သည် ပြီးခဲ့သည့် ၂၀၂၂ ဖေဖော်ဝါရီ ၆ ရက်၌ အရာတော်-မုံရွာလမ်းမတွင် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ အဓမ္မဖမ်းဆီးမှု ခံခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ အဖွဲ့ဝင်ဖြစ်သူ မဆုသွန်းပိုင်အား မရမ်းကုန်းမြို့နယ်တရားရုံးက မတရားစွဲဆိုထားသော ၅၀၅(က) ပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့သည်။
