ဗိုလ်မှူးချစ်ဝင်းသူ ပစ်ခတ်ခံရပြီး သေဆုံးသည့်ကိစ္စအပေါ် မကျေနပ်၍ တုံ့ပြန်ခြင်းဖြစ်ဟုဆို
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းပစ်ခတ်နေသည်ဟု သတင်းရရှိကြောင်း တပ်မဟာ(၁)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူးတစ်ဦးက ပြောသည်။
“သံချပ်ကာ ကား ၂စီးနဲ့ စစ်တပ်ကားက ဘယ်နှစ်စီးလဲ အဲဒီမှာ တက်သွားပြီး ရွာကိုလိုက်ပြီး ပစ်နေတယ်ပြောတယ်။ အဲဒါက ဗိုလ်မှူးချစ်ဝင်းသူ သေသွားတဲ့နောက်ဆက်တွဲက သူတို့တွေ မကျေမနပ်မှုတွေရှိမှာပေါ့။ အဲဒါ သူတို့တွေကနာကျည်းချက်နဲ့ ပြည်သူလူထုတွေကို တခါတည်းပတ်ရမ်းပြီးတော့ သူတို့လုပ်နေကြ”ဟု ၎င်းက ဆိုသည်။

သထုံမြို့နယ် ရှိစစ်ကောင်စီတပ်မှ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ဝင်းစိန်ကျေးရွာမှ ဒေသခံပြည်သူ တစ်ဦးကို သွားရောက်ဖမ်းဆီးပြီး အပြန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် သုံးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ထံမှလက်နက် ၃လက်သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ယနေ့မနက်တွင် ဝင်းစိန်ရွာကို စီးနင်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိရာ ဒေသခံ ပြည်သူလူထုများ ထိခိုက်မှု အခြေအနေကို မသိရသေးဟု KNLA တပ်မှူးက ပြောသည်။
“ဒီလို ကိုယ့်ရန်သူကို ကိုယ်မနိုင်လို့ ရွာသားတွေကိုလျှောက်ပတ်ရမ်းတာကတော့ မသင့်တော်ဘူးလေ”ဟု ၎င်းက ဆိုသည်။
