“ ဒီလို မဖြစ်မနေ ရွေးချယ်ရမယ့် အခြေအနေ မကြာမီကာလမှာ ရောက်ရှိလာမှာလည်းဖြစ်ပါတယ်” ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းကျော် သေဆုံးဟုဆို
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ခေါင်းဆောင် များကို ကာကွယ်ရင်းသေဆုံးခဲ့သည့် တပ်သား သုံးသောင်းကျော်ရှိကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပြီးပြီး စစ်ကောင်စီလက်ပါးစေ စစ်သားနှင့် ရဲများအား ပြည်သူ့ရင်ခွင်ခိုလှုံကြရန် သတိပေးခဲ့သည်။
စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေးကာကွယ်နေကြသည့် တပ်မတော် သား၊ ရဲသားများအား ပြည်သူ့ရင်ခွင်ခိုလှုံကြရန် သတိပေး တိုက်တွန်းသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကို NUGက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“တပ်မတော်သားတွေအနေနဲ့ မင်းအောင်လှိုင်ရဲ့ ဘက်မှာ ဆက်လက်ရပ်တည်ပြီး အသေခံမလား၊ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာ ခုံရုံးတက်မလား၊ ဒါမှမဟုတ် ပြည်သူ့ဘက်မှာ မားမားမတ်မတ်ရပ်ပြီး အနာဂတ်မှာ လိပ်ပြာလုံစွာနဲ့ ရပ်တည်မလားဆိုတာ ရွေးချယ်ရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။
မဖြစ်မနေ ရွေးချယ်ရမည့် အခြေအနေမကြာမီကာလ၌ရောက်ရှိလာတော့မည်ဟုလည်း ၎င်း က ဆိုသည်။
“အခုအချိန်ထိ အကြောင်းအမျိုးမျိုးပြပြီး အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို အသက်ပေး ကာကွယ်စောင့်ရှောက်နေကြတဲ့ တပ်မတော်သား ရဲတပ်သားတွေကို ကျုပ်ပြတ်ပြတ်သားသားပဲ ပြောချင်ပါတယ်။ အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို အကာအကွယ်ပေးရင်း အသေခံမလား၊ တော်လှန်ရေးထဲကို အမြန်ပူးပေါင်းပါဝင်ပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုမလားဆိုတဲ့ လမ်းနှစ်သွယ်ထဲက တစ်ခုခုကို ခင်ဗျားတို့အမြန်ဆုံးရွေးချယ်ပါ။ အခုအချိန်မီပါသေးတယ်”ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
ပြည်သူ့ရင်ခွင်တံခါးပိတ်သည် အခါတွင် ငိုညည်းပြမည့်အစား အခွင့်သာခိုက် ရုန်းကြရန် သတိပေး တိုက်တွန်းခဲ့သည်။
“ပြည်သူ့အရေးတော်ပုံကြီးကနေ ကြိုဆိုနေပါတယ်”ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
ပြည်သူ့နွေဦးတော်လှန်ရေးသည် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည့် အရေးကြီးကာလတစ်ခုကို ရောက်ရှိနေပြီဖြစ်သကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရည်မှန်းထားကြသည့် တော်လှန်ရေးအင်အားစုများအားလုံးကလည်း အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်လှန်ပြောင်းလဲမည့် ခေတ်ပြောင်းတော်လှန်ရေးကို ညီညွတ်စုစည်းစွာ ဆင်နွှဲနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
စစ်ခေါင်းဆောင်များ၏ ဝါဒမှိုင်းတိုက်ခြင်းကို အသိဉာဏ်ပညာနှင့် ကျော်လွှားနိုင်ကာ ပြည်သူနှင့် ဓမ္မဘက်ရပ် ပြည်သူ့ရင်ခွင်ခိုလှုံလာကြသော တပ်မတော်သားနှင့် ရဲ ၁,၄၀၀ကျော်ရှိကြောင်း ရှင်းပြသည်။
“ ခင်ဗျားတို့ ရင်ဆိုင်နေရတာဟာ မြန်မာနိုင်ငံအနှံ့အပြားက တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့ နောက် မှာအမြဲအသင့်ရှိနေကြတဲ့ ပြည်သူလူထု တစ်ရပ်လုံးဖြစ်တယ်ဆိုတာ သိနားလည်ကြဖို့လိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် အဖက်ဖက်က ယိုယွင်းပျက်စီးနေပြီဖြစ်ကြောင်း၊ ပြည်သူများ အချင်းချင်း ရန်တိုက်ပေးနေသည့်အပြင် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများကို ပြန်ထုတ်သုံးနေရခြင်းစသည့် ယုတ်ညံ့သည့် လုပ်ရပ်များက စစ်ကောင်စီတပ် အခြေအနေကို သိမြင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
“ မိမိတို့ ကာကွယ်စောင့်ရှောက်ရမယ့် ပြည်သူကို ရန်သူလို သဘောထားပြီး ကလေးသူငယ် ၊ သက်ကြီးရွယ်အိုပါမချန် ပစ်ခတ်သတ်ဖြတ်ကြတဲ့အပြင် သက်မဲ့အိုးအိမ်စည်းတွေကိုပါ လုယက် မီးရှို့ဖျက်ဆီးနေကြတဲ့ မြန်မာ့စစ်တပ်ကို ပြည်သူလူထုတစ်ရပ်လုံးက စိတ်အနာကြီးနာနေကြပြီဖြစ်သလိုမြန်မာနိုင်ငံသားတို့ရဲ့ စိတ်ရင်းအတိုင်း သည်းခံခွင့်လွတ်စိတ်ကြီးစွာနဲ့ ပြည်သူ့ရင်ခွင်တံခါးကို ဖွင့်ထားပြီး အမြင်မှန်ရစစ်အာဏာရှင်တွေရဲ့ စတေးခံဘ၀က ရုန်းထွက်လာကြမယ့် တပ်မတော်သား၊ ရဲတပ်သားတွေကို အခုအချိန်ထိ လက်ကမ်းကြိုဆိုနေဆဲပါ” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
