အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်း (၉)ခုမှ ရဲဘော်များအား သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ (မတ်လ ၂၁ရက်)တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။ သင်တန်းပြုလုပ်ရာနေရာဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ၊ ဒူးပလာယာခရိုင်အတွင်း၌ဖြစ်သည်။

“ ယခုလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုများနှင့် လက်နက်ကြီးနှင့်သက်ဆိုင်သော ခဲယမ်းများကို ကိုင်တွယ်အသုံးပြုမှုများကို မွမ်းမံသင်ကြားခွင့်ရသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများဟာ ပူးတွဲစစ်ဆင်ရေးဆောင်ရွက်သည့်အခါ စစ်ကောင်စီ၏ ထောက်တိုင်များစွာကို တိတိကျကျ ချေမှုန်းနိုင်ဖို့အတွက် စွမ်းဆောင်ရည်ပိုမိုတိုးမြှင့်ကောင်းမွန်လာသည့်အတွက် တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု သင်တန်းဆင်းရဲဘော်တစ်ဦးက ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။
အဆိုပါသင်တန်းတွင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF စစ်ကြောင်း (၉)ခုမှ ရဲဘော်များအား စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများမှ ရဲဘော်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ အကြမ်းဖက်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများအား ဦးညွှတ်အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

တပ်မဟာ (၆)ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင် ရဲဘော်ဒေဝမှ သင်တန်းဆင်းဂုဏ်ပြုစကားပြောဆိုခဲ့ပြီး တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)အတွင်းရှိ တာဝန်ရှိသူ တစ်ဦးမှလည်း သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆိုသည်။
နယ်မြေခံ စစ်ကြောင်းမှူးမှ မွမ်းမံသင်တန်းဆင်း ရဲဘော်များအား ဂုဏ်ပြုစကားပြောကြားခြင်း၊ စစ်ဒေသခွဲအမှတ်(၃)၏ တပ်ရေးတာဝန်ခံနှင့် တပ်ထောက်တာဝန်ခံတို့မှ မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များအား ဆုချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

မွမ်းမံသင်တန်းဆင်း ရဲဘော်နှင့် သင်တန်းတာဝန်ခံတို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မွမ်းမံသင်တန်းနည်းပြဆရာမှလည်း နိဂုံးချုပ်စကားပြောကြားခဲ့သည်ဟု ဆိုသည်။ နဂါးဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦးက သင်တန်းဆရာများနှင့် ရဲဘော်ရဲဘက်များအတွက် သင်တန်းကာလအတွင်း ၎င်းကိုယ်တိုင်သီကုံးရေးစပ်ထားသော ဂုဏ်ပြုကဗျာအား ရွတ်ဆိုခဲ့သည်ဟု ထုတ်ပြန်သည်။
