▪︎သေဆုံးပြီးမြေမြှပ်ခဲ့သူ ၄ ဦး၏ရုပ်အလောင်းများYRA ထုတ်ပြန်
မကွေးတိုင်း၊ထီးလင်းမြို့နယ်သို့ လာရောက်သည့် စစ်ကောင်စီယာဥ်တန်းရှေ့ပြေး မိုင်းရှင်းလင်းရေးအဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ရာတွင် လေးဦး ပွဲချင်းပြီးသေဆုံးပြီး မြေမြှုပ်သဂြိုလ်ထားသည့် စစ်ကောင်စီတပ်သားအလောင်းများကို Yaw Revolution Army -YRA ထီးလင်းက ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့(မတ်လ ၁၇ ရက်)ညနေ၄ နာရီခွဲကဆေးမင်းတောကျေးရွာမြောက်ဘက်ရှိ အင်းနားလမ်းခွဲသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ကားတန်းရှေ့ပြေးပွိုင့်မှ မိုင်းရှင်းလင်းရေးစစ်ကောင်စီတပ်သားများသည် YRA ၏ အသင့်ပြင်ဆင်ထားသောမိုင်းကွင်းထဲ သို့ ရောက်ရှိလာစဥ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လေးဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအ ပြားရှိကြောင်း အသိပေးသည်။
” ရှေ့ပွိုင့်တက်လာတာ ၁၀ ဦးလောက်ရှိတယ်။မိုင်းကွင်းထဲဝင်ဝင်ချင်းဆွဲနိုင်ခဲ့တာပေါ့။အဲဒါနဲ့ သူတို့ ရှေ့ဆက်မတိုးနိုင်သေးဘူး။အခု ဒီနေ့လည်း သူတို့ ထွက်လာပေမယ့် တစ်မိုင်သာသာ တောင် ရှေ့မရောက်သေးဘူး” ဟု YRA တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြေပြင်တွင် တိုက်ပွဲစတင်ခဲ့သည့် မတ်လ ၁၅ ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်သားရုပ်အလောင်း လေးလောင်းကိုတွေရှိထားကြောင်းလည်း၎င်းကဆက်ပြောသည်။

သေဆုံးသူ ရုပ်အလောင်းများမြေမြှပ်ထားသောရုပ်သံဖိုင်ကိုPeople’s Spring တယ်လီဂရန်ချန်နယ်တွင်ဖော်ပြထားသည်။
စစ်ကား ၃၂ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူ၊ ပေါက်၊ ကျောက်ထုလမ်းအတိုင်းဖြတ်သန်းလာစဥ်မတ်လ ၁၅ရက် မနက်ထီးလင်းမြို့ကိုဖြတ်ကျော်လာပြီးနောက်ပိုင်းမိုင်းဆွဲတိုက်ခိုက်မှုဆက်တိုက်ခံခဲ့ရသည်။
မတ်လ ၁၅ရက် တောင်ဖီလာကွေ့ မိုင်းဆွဲတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ယင်းနေ့ နေ့လည်ပိုင်း၌ ရွှေခုံတိုင်ရွာအနီး တိုက်ခိုက်မှု တွင်လည်း စစ်ကောင်စီတပ်မှ ၃ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ဖော်ပြသည်။
မတ်လ ၁၆ရက်တွင် ရေရှင်လမ်းကွဲ ဇရပ် အနီးတွင် ရှေ့ပွိုင့်တပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးခဲ့သည်ဟုသိရသည်။ ယင်းတိုက်ခိုက်မှု၌ ဂန့်ဂေါခရိုင်တပ်ရင်း-(18)YNRF နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူခဲ့သည်ဟု အသိပေးထားသည်။
ကားတန်းလုံခြုံရေး စစ်ကြောင်းကိုလည်းထီးလင်း- ပုဏ္ဏားကြားရှိ မိုင်းကွင်းတွင် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးထပ်မံသေဆုံးကာ အများအပြား ဒဏ်ရာရသည်ဟုဆိုသည်။
ရွှေခုံတိုင်ရွာ၏တောင်ဘက်နားသို့ရောက်ရှိလာသော ယာဉ်တန်းပေါ်မှ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် မန်ကျည်းပင်စခန်း၌ အရိပ်ခို အနားယူရန် စုစည်းရောက်ရှိစဉ် မိုင်းများ တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးကြောင်းစစ်တပ်တွင်းသတင်းပေး( ဖရဲသီး)မှ သတင်းပေးပို့လာသည်ဟု အသိပေးထားသည်။

ထိုအပြင်ရွှေခုံတိုင်ရွာမြောက်ဘက် ကင်းပတ်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၃ဦးသေ၊ လေးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
အင်အားများ ပြားသည် စစ်ကောင်စီယာဥ်တန်းသည် (၂၂) လတာကာလအတွင်းတွင် ထီးလင်းမြို့နယ်ကို ပထမဆုံးအကြိမ် ဖြတ်သန်းလာခြင်းဖြစ်ပြီး ထီးလင်းမြို့သို့ရောက်ရှိချိန်မှစ၍ လက်ရှိအချိန်ထိ သုံးရက်တာကာလအတွင်း၁၈ မိုင်ခန့်သာခရီးတွင်ထားပြီး သေဆုံးသူ ၄၀ ကျော်နှင့် ဒဏ်ရာရသူ ၃၀ ကျော် ရှိနေပြီဖြစ်ကြောင်း YRA က ပြောသည်။
လက်ရှိစစ်ရေးကြောင့် ထီးလင်း-ဂန့်ဂေါလမ်းမကြီးအား အသုံးမပြုကြရန်နှင့် လမ်းဘေးဝဲယာရှိ ကျေးရွာများမှ တိမ်းရှောင်နိုင်ရန် ကြိုတင်ပြင်ဆင်သိမ်းဆည်းထားရန် တိုက်တွန်းထားသည်။
