စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် အမိမြေတော်လှန်ရေးစခန်း စီးနင်းခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
မတ်လ ၄ ရက် ညနေ ၄နာရီခန့်က အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်ခရိုင်တပ်ရင်း (၂၇) တပ်ခွဲ(၁) အမိမြေတော်လှန်ရေးတပ်ဖွဲ့ စခန်းအား ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါအဖွဲ့ တာဝန်ခံက ပြောသည်။
ပြည်သူ့ရဲဘော်များ စခန်းစွန့်ခွာချိန်တွင် ထောင်ထားခဲ့သောကြောင့် စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးမှုမရှိခဲ့သော်လည်း စခန်း၏ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ရကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။
“ နံနက်ခင်းပိုင်းမှာ စစ်ကြောင်းက စခန်းနားဝန်းကျင်ရောက်လာလို့ စခန်းစွန့်ခွာမိုင်းတွေ ထောင်ခဲ့ပြီး စခန်းကနေ စွန့်ခွာလာခဲ့ပါတယ်ဗျ။ ညနေခင်းပိုင်းမှာတော့ စစ်ကြောင်းက စခန်းကို ဝင်စီးပြီး မီးရှို့ဖျက်ဆီးတယ်။ စခန်းမီးရှို့ဖျက်စီးချိန်မှာ မိုင်းတွေ ထကွဲတယ်ဆိုတော့ အထိအခိုက်တော့ ရှိနိုင်တယ်ဗျ။” ဟု အထက်ပါတာဝန်ခံက ဆိုသည်။

စခန်းပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးကြပါရန်နှင့် လက်နက်ကြီး၊လက်နက်ငယ်ကျည်များ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ထောက်ပံ့လှူဒါန်းပေးကြပါရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
