စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မဈေး တိုက်တန်းများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း ၂၀ခန့် ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (မတ်လ ၃ ရက်) နံနက် ၁၁နာရီခန့်က ဘုတလင်မြို့နယ်ရဲစခန်းမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ဘုတလင်မြို့တောင်ဘက်သို့ သုံးဖွဲ့ခွဲထွက်လာပြီးတစ်ဖွဲ့မှာ မြို့မစျေးတိုက်တန်းကိုမီးရှို့ခဲ့ကြောင်း၊ ဆိုင်ခန်း၂၀ခန့် ပျက်စီးကာ ကျပ်သိန်းထောင်ချီ ဆုံးရှုံးနိုင်ကြောင်း ဘုတလင်မြို့ခံများက ပြောသည်။


“ မြို့ပေါ်မှာ နေ့ခင်းမြင်မြင်ထင်ထင်ကြီးကို ရှို့တာ ။ တနေ့က သူတို့အပစ်ခံရလို့ ရှို့တာဖြစ်မယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ မီးသတ်များရောက်ရှိလာသော်လည်း မီးငြှိမ်းသတ်ခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။

မတ်လ ၂ ရက်က ဘုတလင်မြို့ ရှိ စစ်ကောင်စီကင်းဂိတ်ကို Local Mobile Team နှင့် ကြေးမုံတပ်ရင်း (တပ်ခွဲ-၃ ) တပ်ရင်း၁၂ ရွှေဘိုခရိုင်တို့ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
