လက်ရှိ ပအိုဝ်းအမျိုးသားနိုင်ငံရေးသည် ဒေသတွင်း ညီနောင်တိုင်းရင်းသားများ၏ နိုင်ငံရေး အဆင့်အတန်းများထက်များစွာ နောက်ကျ ကျန်ရစ်နေပြီဖြစ်ကြောင်း ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် ပအိုဝ်းခမ်းထီစဲ့(PAF)က သတိပေးလိုက်သည်။
မတ်လ ၅ရက်တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ PAFမှ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။
ပအိုဝ်းပြည်သူ့စစ်ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA) က စစ်ကောင်စီလက်အောက် ခံအဖြစ် စစ်ကောင်စီအလိုကျဆောင်ရွက်နေသကဲ့သို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ကလည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေသည့် အခြေအနေတွင် PAF က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။
“ မိမိတို့ ပအိုဝ်းအမျိုးသား နိုင်ငံရေးကို လမ်းကြောင်းလွဲ ဝေဝါးစေသော မည်သည့် ပြင်ပ အဖွဲ့အစည်းများရဲ့ ဝင်ရောက်စွက်ဖက် အသုံးချမှုမျိုးကိုမဆို ဆန့်ကျင်ရမည်။ အသုံးချခံ နိုင်ငံရေးအဖြစ်မှ ရုန်းထွက်ရမည်။ ပအိုဝ်းအမျိုးသားအင်အားနှင့် အရင်းအမြစ်များသည် ပအိုဝ်းခမ်းထီ(ပြည်နယ်) ထူထောင်ရေးအတွက်ပဲဖြစ်ရမည်။ စစ်ရေး နိုင်ငံရေး အမျိုးသားရေး အမြဲသတိရှိရမည်” ဟု PAFက ထုတ်ပြန်သည်။
လက်ရှိဖြစ်နေသည့် ပဋိပက္ခများ၊ နိုင်ငံရေး အခင်းအကျင်းများကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး အခြားတစ်ဖက်တွင်လည်း လက်တွေစစ်မြေပြင်၌ ရည်မှန်းချက်တူ ညီနောင်မဟာမိတ်များနှင့် လက်တွဲတိုက်ပွဲဝင်နေပြီဖြစ်ကြောင်း အသိပေးထားသည်။
ကရင်-ပအိုဝ်း-ကရင်နီ သွေးစည်းညီညွတ်ရေးသည် ပအိုဝ်းခမ်းထီစဲ PAF၏ နိုင်ငံရေး မူဝါဒ တစ်ရပ်အဖြစ်ချမှတ်ထားကြောင်းလည်း အသိပေးထားသည်။
စစ်တပ်အာဏာသိမ်းကာလတွင် PNO နှင့် PNLO ကဲ့သို့သော ပအိုဝ်းအဖွဲ့များက စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံနေချိန် ဒေသတွင်းပအိုဝ်းလူငယ်များက ပအိုဝ်းကာကွယ်ရေးတပ်များ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ၌ ပါဝင်လျက်ရှိသည်။ ထို့ပြင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ကို ဖွဲ့စည်းကာ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ထိတွေ့ဆက်ဆံနေသည့် ပအိုဝ်းအစုအဖွဲ့လည်းရှိနေသည်။
