ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ၁၅ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးပါဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် စစ်တပ်ကရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ကန့်ဘလူအခြေစိုက်စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်ကြောင်းကမြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ရက်ညတွင်စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖေဖော်ဝါရီ၁၉ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။
“စစ်ကောင်စီတပ်ကစစ်ကြောင်းကို သုံးကြောင်းခွဲပြီးထိုးလာတာ။ ရွာအနောက်ဘက်ကတစ်ကြောင်း၊ အနောက်မြောက်ဘက်ကတစ်ကြောင်း၊အဲ့ဒီနှစ်ခုကြားကတကြောင်းဝင်လာတာ။ကျွန်တော်တို့ မဟာမိတ်ညီအစ်ကိုတွေ ဝိုင်းတိုက်ကြတာပါ ” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲသည် ဖေဖော်ဝါရီလ ၁၉ရက် မနက်မှ နေ့လည် ၁နာရီခန့်အထိအပြင်းအထန်ဖြစ်ခဲ့ပြီးPDFများက မိုင်းအားအဓိကထား၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးကြောင်း မြေပြင်သတင်းရရှိသည်ဟု ကန့်ဘလူမြို့၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ရဟတ်ယာဉ်လာတော့အင်အားလာဖြည့်တာလို့ထင်တာ။ ဒါမှမဟုတ်ဒဏ်ရာရသူတွေလာခေါ်မယ်ထင်တာ။ မဟုတ်ဘူးဗျ။ စစ်ကြောင်းမှုးတစ်ယောက်တည်းကို လာတင်သွားတာ”ဟု ၎င်းကPeople’s Spring သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် မြေမွန်ကျေးရွာမှ နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး နေ့လည် ၂နာရီခန့်တွင် ၎င်းတို့တပ်စွဲထားသည့် ကွင်းကိုးကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟုသိရသည်။
မြေမွန်ကျေးရွာသည် အိမ်ခြေ ငါးရာခန့်ရှိသော ရွာဖြစ်ပြီး စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားသောကြောင့် အိမ်ခြေ ၁၅၀ခန့် မီးလောင်သွားသည်ဟုဒေသခံအချို့ကပြောသည်။စစ်ကောင်စီစစ်ကြောင်းမဝင်ခင် ဖေဖော်ဝါရီ ၁၈ရက် မတိုင်မီကတည်းက ဒေသခံများသည် ဘေးလွတ်ရာတို့တိမ်းရှောင်နေခဲ့ကြသောကြောင့် တိုက်ပွဲဖြစ်ပွားသောအခါ အရပ်သားထိခိုက်သေဆုံးမှုမရှိကြောင်းဒေသခံအချို့ကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ထိစပ်နယ်မြေများဖြစ်သော ကန်ဘလူ၊ကျွန်းလှ၊ကောလင်း၊ တန့်ဆည်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲများက်တိုက်ဖြစ်ပွားနေသည်။
ကန်ဘလူမြို့နယ်မှ နာမည်ကြီးပျူ စောထီခေါင်းဆောင်ဝါသဝ၏ လက်အောက်ခံပျူစခန်းတစ်ခုအားပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)ကန့်ဘလူခရိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင် TRF(Taze Revolution Force)တို့ကဖေဖော်ဝါရီလ ၉ ရက်တွင်ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
