တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဘုံရည် မှန်းချက်ပန်းတိုင်ဖြစ်သော စစ်အာဏာရှင် စနစ် ဆိုးကို အပြီးတိုင်ဖြုတ်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုထူထောင်နိုင်ရန် အတူတကွ လက်တွဲညီစွာဖြင့် ကြိုးပမ်းအားထုတ်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။
ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ကျရောက်သည့် (၇၄)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားပြည်သူလုထုတရပ်လုံး လေးစားဂုဏ်ယူတန်ဖိုးထားရသည့် နေ့ထူးနေ့မြတ် ဖြစ်သည်နှင့် အညီ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကရင့်တော်လှန်ရေးနေ့ကို ကရင်အမျိုးသားများနှင့် ထပ်တူဂုဏ်ပြုဦညွှတ်ကြိုဆိုသည်ဟု ဖော်ပြသည်။
ကရင့်တော်လှန်ရေးခရီးအတွင်း ကရင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရင်း အသက်၊ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ကရင့်သူရဲကောင်းများနှင့် ကရင်ပြည်သူများကိုလည်း လေးနက်စွာအောက် မေ့ဦးညွှတ် ဂုဏ်ပြုအပ်သည်ဟု သဝဏ်လွှာ၌ ပါရှိသည်။
ယနေ့အချိန်အခါသည် ကရင်အမျိုးသားများနှင့် အတူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရသည့် စစ်အာဏာရှင်စနစ်ဆိုးနှင့် အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းယုတ်မာသော လုပ်ရပ်များကို ကျော်လွှားနိုင်ရန် တစ်တိုင်းပြည် လုံး အာဏာသိမ်းစစ်ကောင်စီအားဟန်ချက်ညီစွာဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်နေသော ကာလဖြစ် ကြောင်း ဖော်ပြထားသည်။
KNUဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကလည်း ခုခံတော်လှန်ရေး မုချအောင်မြင်ရမည်ဖြစ် ကြောင်း၊ ပန်းတိုင်ပြီးမြောက်အောင်မြင်သည်အထိဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြန်ရန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
