မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအင်အားစုနှစ်ဖွဲ့က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၆ ရက် ညနေ ၃နာရီခွဲခန့်က မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း၊ ညောင်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဥ်တန်းအား စစ်ကိုင်းခရိုင် တပ်ရင်း(၄)- MSPDFအဖွဲ့နှင့် ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“မှန်လုံတစ်စီးနဲ့ Light truck တစ်စီးဗျ။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းနေဆဲပါ။”ဟု NRDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၀နာရီခန့်ကလည်း နွားထိုးကြီးမြို့ အရှေ့ဘက် (၂)မိုင်ခန့်အကွာ နွားထိုးကြီး – မြစ်သားလမ်းမကြီးပေါ်ရှိ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းနေသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီဂါနာဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က အသိပေးသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေကို အတိအကျမသိရသေးကြောင်း Natogyi People Defence Forceအဖွဲ့က ဆိုသည်။
နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား Natogyi People Defence Forceအဖွဲ့က ပစ်ခတ်ခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။
