ပဲခူးတိုင်းတောင်ငူခရိုင်တွင်စစ်ကောင်စီတပ်ကို တောင်ငူခရိုင်PDFတပ်ရင်း (၃၅၀၁)က သုံးရက်အတွင်းနှစ်ကြိမ်တိုက်ခိုက်ရာ စစ်တပ်မှအရာရှိအပါအဝင် ၉ ဦးသေဆုံးပြီး (၁၂)ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင် ၊ရေတာရှည်မြို့နယ် နားဂျပ်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား (၃၂)ယောက်ပါ စစ်ကြောင်းက ခရိုင်ချင်းဆက်လမ်းဘေးဂူတောင်တောရကျောင်းသို့ စစ်ကြောင်းထိုးလာစဉ် တောင်ငူခရိုင် PDF တပ်ရင်း၃၅၀၁၊ တပ်ခွဲ၄ (ရေတာရှည်မြို့နယ်အခြေစိုက်) က ဒီဇင်ဘာ၂၇ရက် နံနက်၁၁ နာရီကျော်တွင် တိုက်ခိုက်ရာမှတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
(၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
အလားတူ ဒီဇင်ဘာ၂၅ ရက် နံနက်ပိုင်းတွင်လည်း တောင်ငူမြို့နယ် ဆိတ်မြောင်ကျေးရွာ အနောက်ဖက်တွင်စစ်ကောင်စီတပ်နှင့် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ၁မှ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။။ အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူများလည်း ရှိခဲ့သည်။ တပ်ခွဲ၁မှ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ဟုအသိပေးခဲ့သည်။
ထိုကြောင့် ၃ ရက်အတွင်းတိုက်ပွဲ ၂ ပွဲတွင် စစ်တပ်က၉ ဦးသေဆုံးပြီး အနည်းဆုံး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်သေဆုံး ဒဏ်ရာရမှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
စစ်ကောင်စီတပ်မှာ အထိနာသဖြင့် ညနေဖက်တွင် အင်အားပြန်လည်ဖြည့်တင်းပြီး ဆိတ်မြောင်ရွာအတွင်း ထပ်မံဝင်ရောက်၍ ပြည်သူပိုင်နေအိမ်(၁၂)လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု၊ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် အဆိုပါဒေသတွင် စစ်ရှောင်ပြည်သူဦးရေ (၂၅၆)ဦးရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများလည်း ရှိနေကြောင်း ပဲခူးတိုင်းPDF ကထုတ်ပြန်သည်။
