ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တိုက်ပွဲများမထက်မှတ်ဘဲ ဖြစ်လာနိုင်သည့် အခြေအနေကို သတိပြုဆင်ခြင်နေထိုင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ ထုတ်ပြန်သတိပေးလိုက်သည်။
ယခုအချိန်သည် မြန်မာနိုင်ငံတဝှမ်းလုံး၌ တော်လှန်ရေးအရှိန်မြှင့်တင်ခြင်း ကာလသို့ရောက်ရှိနေပါသောကြောင့် တိုက်ပွဲများ မထင်မှတ်ထားသည့် အချိန် ၊မထင်မှတ်ထားသည့် နေရာများ၌ မထင်မှတ်ပဲ ဖြစ်ပေါ်လာနိုင်သောကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခြားဒေသတဝန်းရှိ ပြည်သူများနည်းတူ အထူးသတိပြု သွားလာ၊နေထိုင်ကြပါရန်သတိပေးလိုက်ခြင်းဖြစ်သည်။

အထူးသဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်တပ်ဖွဲ့များ ဝင်ရောက်နေထိုင်သောနေရာများ၊ ၎င်းတို့ သွားလာလှုပ်ရှားသော နေရာများ နှင့် ထိုနေရာအနီးတဝိုက်အား သွားလာနေထိုင်ခြင်း မပြုကြပါရန် သတိပေးလိုက်ကြောင်း ကြာအင်းဆိပ်ကြီး ပအဖက ထုတ်ပြန်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်သည် စစ်ကောင်စီတပ် ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၏ အုပ်ချုပ်နယ်မြေတွင် ပါဝင်သည့် မြို့နယ်ဖြစ်သည်။
