ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ဦးခန့်အထိရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဒီဇင်ဘာ ၁၆ ရက်) ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၃ ရက်ကစ၍ ဒီးမော့ဆိုမြိုနယ် စံပြ (၆)မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု ၃၀ဦးခန့်ရှိခဲ့၍ ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတို့အတွင်း မီးရှို့ဖျက်စီးမှုများလုပ်ဆောင်ခဲ့ကြောင်းဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၄ ရက်တွင်လည်း ဘက်သလိန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF က အသိပေးသည်။

“နေ့စဥ်လိုလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။အခု တိုက်ပွဲ ဖြစ်နေတဲ့ လွိုင်ကော်-ဒီးမော့ဆို အစပ် က နေရာတင် မကဘူး။အဓိကတော့ အကြမ်းဖက်စစ်တပ်က နယ်မြေစိုးမိုးဖို့ လုပ်လာတယ်။စစ်ကြောင်းထိုးနေတယ်ပေါ့။ဒါကို ကျွန်တော်တို့အနေနဲ့လည်း ခုခံတိုက်ခိုက်နေတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် ခြေကုပ်ယူတပ်ဆွဲလျက်ရှိသဖြင့် KNDFတပ်ရင်း (၉) နှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်မှုနှင့်ပတ်သက်ပြီး People’s Springက သီခြားအတည်မပြုနိုင်သေးပေ။
နိုဝင်ဘာ ၂၈ရက်ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFမှဦးဆောင် ၍ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့နှင့်အတူ စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်ဆင်နွဲခဲ့သည်။
အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင်ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့် နယ်မြေ များကို ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေသည်။
ဒီဇင်ဘာ ၃ရက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို KNDFက သိမ်းဆည်းရမိခဲ့သည်။
