▪︎ဒေသခံတွေက မင်းပြောင်းမင်းလွှဲဖြစ်အောင်၊ မကောင်းဆိုးရွားများထွက်သွားရန်သံပုံးတီး
တံတားဦးမြို့နယ်မှာ နံနက်အစောပိုင်းက အင်အားသိသိသာသာပြင်းတဲ့ငလျင်လှုပ်ခဲ့ပြီး ငလျင်ကိုခံစားလိုက်ရတဲ့ မြို့နယ်တွေကဒေသခံတွေဟာမင်းပြောင်းမင်းလွှဲဖြစ်အောင်နဲ့မကောင်းဆိုးဝါးတွေ ထွက်သွားအောင်ဆိုပြီး သံပုံးတီးမောင်းထုတ်ခဲ့ကြပါတယ်။
ငလျင်ဟာ ဒီနေ့မနက် ၃နာရီ ၁၇မိနစ်မှာ တံတားဦးမြို့နယ်ကို ဗဟိုပြုပြီး လှုပ်သွားတာပါ။ ရစ်ချ်တာစကေး ၅အဆင့်ရှိပြီး မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာလို့ တစ်ကမ္ဘာလုံးကမြေငလျင်လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ဖော်ပြနေတဲ့ USGS ကဖော်ပြထားပါတယ်။
“ငလျင်လှုပ်တာနဲ့ တစ်ရပ်ကွက်လုံး သံပုံးတွေ၊ဒန်အိုးဒန်ခွက်တွေ ထတီးကြတာ။ မအေးယိုး မင်းအောင်လှိုင်လည်း ခွေးပုလ္လင်ပေါ်ကနေဆင်းဆင်းလို့တစ်အိမ်သားလုံး အော်ပြီး တီးကြတာ။ တစ်ရပ်ကွက်လုံး ဆူညံသွားတာပဲ”လို့ဒေသခံတစ်ဦးကပြောပါတယ်။

အမရပူရ၊ တံတားဦးမြို့နယ်အပါအဝင်မန္တလေးတိုင်းအတွင်းမြို့နယ်အချို့မှာငလျင်လှုပ်ချိန် သံပုံးတီးပြီး မကောင်းဆိုးဝါးတွေ မောင်းထုတ်ကြတဲ့အလေ့အထ ရှိပါတယ်။
“ဟိုအရင်ကတော့မမြင်ရတဲ့မကောင်းဆိုးဝါးကိုမောင်းထုတ်တာ။ အခုကတော့ မင်းအောင်လှိုင်ကို စိတ်ထဲကနေ မြင်အောင်ကြည့်ပြီး ခွေးမောင်းသလို မောင်းထုတ်တာ” ဟုတံတားဦးဒေသခံတစ်ဦးကပြောသည်။
ငလျင်ဟာ မြေအနက်တိမ်တဲ့နေရာမှာလှုပ်သွားလို့လှုပ်ရှားမှုသိသိသာသာ ပြင်းထန်ပါတယ်။ တံတားဦး၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မတ္တရာ၊ ပြင်ဦးလွင်အပါအဝင် ဗဟိုချက်အနီးပတ်ဝန်းကျင်က မြို့နယ် ဆယ်မြို့နယ်ထက်မနည်းမှာ သိသိသာသာ လှုပ်သွားခဲ့ပါတယ်။
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ခန္တောကျောင်းတိုက်ကပတ္တမြားစေတီတော်ရဲ့စိန်ဖူးတော် မြေခခဲ့ပါတယ်။ကျောင်းတိုက်ထဲက အဆောက်အဦးအချို့ရဲ့ မျက်မှာကြက်တွေလည်း ပျက်စီးခဲ့ပါတယ်။ စစ်ကိုင်းမြို့ထဲက အိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊မင်းကွန်းရပ်မှ နာမည်ကြီး ခြင်္သေ့ရုပ်ကြီးရဲ့ညာဘက်လက်လည်း လက်မောင်းရင်းကနေ ပြတ်ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ မန္တလေးတစ်ဝိုက်က ရှေးဟောင်းဘုရား၊စေတီ၊ဆင်းတုတော်အချို့ပျက်စီးမှုတွေရှိခဲ့ပါတယ်။လူနေအိမ်အချို့လည်း ထိ့ခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ် လူသေဆုံးထိခိုက်မှုရှိတယ်လို့ခုချိန်ထိသတင်းမတက်လာသေးပါဘူး။
“ငလျင်ကဘယ်ညာသုံးလေးခါ၊ ရှေ့နောက်တစ်ခါ ခပ်ပြင်းပြင်းလှုပ်သွားတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဘူမိဗေဒပညာရှင်အချို့၏ သုံးသပ်မှုများအရ ယနေ့နံနက်လှုပ်ခတ်သွားတဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောအပေါ်တည့်တည့် လှုပ်ခတ်သွားခြင်းဖြစ်ပြီး နောက်ဆက်တွဲမြေငလျင်အသေးတွေ ထပ်မံလှုပ်ခတ်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
(ပြင်းအား ရစ်ချ်တာစကေး ၅ ရှိငလျင်ကြောင့် ပျက်စီးမှုအချို့ ကို့တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
