ရခိုင်ပြည်မြောက်ရေးပါတီ(ALP/ALA)မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။
ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဩဂုတ် ၂ရက် ညနေပိုင်းတွင် AA က နေအိမ်သို့ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး ၎င်းနှင့်အတူ ကျောင်းသားတစ်ဦးကိုပါ ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။
ယင်းဖြစ်ရပ်သည် ရခိုင်စည်းလုံးညီညွတ်ရေးကိုထိပါးစေပြီး ရခိုင့်တော်လှန်ရေး အဖွဲ့အချင်းချင်း ကြားတွင်လုံး၀ မဖြစ်သင့်သည့် ဖြစ်ရပ်ဖြစ်ကြောင်း၊ AA အနေဖြင့် ယခင်ကလည်း ALP ခေါင်းဆောင်တချို့နှင့် ရဲဘော်များကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဖော်ပြထား သည်။
ယခု ဖြစ်ရပ်သည် တိုင်းရင်းသားမဟာမိတ် အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ရခိုင်လူမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်းနှင့် အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေမည့် မလိုလားအပ်သည့် လုပ်ဆောင်ချက်များကို ရှောင်လွှဲကြရန် ALPက ထုတ်ပြန်ခဲ့ပြီး ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း အပါအဝင် AAက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။
ALPသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ် ထိုးထားသည့် အဖွဲ့ဖြစ်ပြီးအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ထိတွေ့ ဆက်ဆံနေသည့် ရခိုင်တပ်ဖွဲ့ ဖြစ်သကဲ့သို့ AAသည်လည်း အာဏာမသိမ်းမီ ၂၀၂၀ ရွေးကောက်ပွဲကာလကတည်းက စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲရေးကိုနှုတ်အားဖြင့်ဆောင်ရွက်ထားသည့် ရခိုင်တပ်ဖြစ်သည်။
